အိုလံပစ်တွင် ဆုရခဲ့သည့် ရုရှားအားကစားသမားများကို BMW ကား ချီးမြှင့်

A d v e r t i s e m e n t With Us

August 26, 2016

အိုလံပစ်တွင် ဆုရခဲ့သည့် ရုရှားအားကစားသမားများကို BMW ကား ချီးမြှင့်

ရုရှားဝန်ကြီးချုပ် ဒမစ်ထရီ မက်ဒီဒေ့ဗ်က ရီယိုမြို့မှာကျင်းပတဲ့ အိုလံပစ်ပွဲမှာ ဆုရသူတွေကို ချီးကျူးပြီး သူတို့အတွက် BMW ကားသော့တွေ သြဂုတ် ၂၅ ရက်က ပေးလိုက်ပါတယ်။ အမျိုးသား အိုလံပစ်အဖွဲ့ဝင်တွေကို အိုလံပစ်ပွဲမှာ ဆုရအောင် စွမ်းဆောင်ခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။ ဆုပေးပွဲကို ကရင်မလင်နန်းတော်မှာ ကျင်းပပြီး အိုလံပစ် ဆုတံဆိပ်ရှင်တွေကို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဆုချခဲ့တာပါ။ အိုလံပစ်ဆုရှင် အယောက် ၁၀၀ လောက် BMW ကားတွေ ရခဲ့ကြပါတယ်။ ရွှေတံဆိပ်ရတဲ့ အရေအတွက်အရ ရုရှားဟာ ရီယိုအိုလံပစ်မှာ အဆင့် ၄ နေရာ ရခဲ့ပါတယ်။ "တချို့တွေ ဘယ်လိုပဲ နှောင့်ယှက်ခဲ့ပါစေ၊ ရုရှားအတွက် အိုလံပစ်မှာ နှောင့်ယှက်မှုတွေ မအောင်မြင်ခဲ့ဘူး၊ ကျနော်တို့အားကစားရဲ့ အောင်ပွဲတွေဟာ တားမြစ်ဆေးကြောင့်လည်း မဟုတ်သလို ခဏခဏ တံဆိပ်ကပ်ဖို့ ကြိုးစားနေတဲ့ တခြားအပြစ်တွေကြောင့်လည်း မဟုတ်ဘူးဆိုတာ တကမ္ဘာလုံးကို သက်သေပြလိုက်ပြီ၊ ရိုးသားပြီး လှပတဲ့ တိုက်ပွဲအတွင်း ခင်ဗျားတို့က အင်မတန်ကောင်းတဲ့ ရလဒ်ကို စွမ်းဆောင်ခဲ့တယ်" လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ရုရှားဟာ မနှစ်က တားမြစ်ဆေးဆိုင်ရာ ကျော်မကောင်း ကြားမကောင်းမှုကို ရင်ဆိုင်ခဲ့ရတာပါ။ ဇူလိုင်လက မက်လာရန် အစီရင်ခံစာအပြီး ရီယိုအိုလံပစ်မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ကို ရုရှား အားကစားတဖွဲ့လုံး ပိတ်ပင်ခံခဲ့ရပါသေးတယ်။ အားကစားဆိုင်ရာ တရားရုံးက တရားရေးစိန်ခေါ်ချက်ကို ပယ်ဖျက်ဖို့ နောက်ပိုင်းမှာ ဆုံးဖြတ်ခဲ့တာပါ။ နိုင်ငံတကာ အိုလံပစ်ကော်မတီကလည်း ရုရှား အားကစားသမားတွေကို လုံးဝပိတ်ပင်မှု မလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် အရင်က တားမြစ်ဆေးသုံးဖူးတဲ့သူတွေနဲ့ လတ်တလော မက်လာရန် အစီရင်ခံစာမှာ ပါဝင်ပတ်သက်သူတွေကို ရီယိုအိုလံပစ်မှာ ဝင်ပြိုင်ခွင့် ရပ်ဆိုင်းထားဖို့ အားကစားအသင်းချုပ်ကို ပြောခဲ့ပါတယ်။ ဒါကြောင့် ရုရှား အားကစားသမား ၃၈၇ ဦးထဲက ၂၈၅ ဦးသာ ရီယိုအိုလံပစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ကြပါတယ်။
5 years Ago
Up