အိုလံပစ်

February 5, 2018

အိုလံပစ်ပွဲတက်မည့် မြောက်ကိုရီးယားအဖွဲ့ကို ထိပ်တန်းအစိုးရခေါင်းဆောင်များ ဦးဆောင်မည်

တောင်ကိုရီးယားနိုင်ငံ ပြုံချန်း ဆောင်းရာသီ အိုလံပစ်ပွဲကို တက်ရောက်မယ့် မြောက်ကိုရီးယား အဆင့်မြင့် အစိုးရကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယား ထိပ်တန်း အစိုးရခေါင်းဆောင်တွေက ဦးဆောင်လိမ့်မယ်လို့ တောင်ကိုရီးယားအစိုးရရဲ့ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။ မြောက်ကိုရီးယား ကွန်မြူနစ်ပါတီ ဥပဒေပြုရေးကော်မတီ ဥက္ကဋ္ဌ ကမ်ယောင်နမ်က အဆင့်မြင့် အစိုးရကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး သောကြာနေ့ကနေ လာမယ့် တနင်္ဂနွေနေ့အထိ တောင်ကိုရီးယားကို လာရောက်မယ်လို့ မြောက်ကိုရီးယားက တောင်ကိုရီးယားကို အသိပေးထားတယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့မှာ အစိုးရကိုယ်စားလှယ် ၃ ဦးနဲ့ အရာရှိ ၁၈ ဦး ပါဝင်မယ်လို့ သိရပါတယ်။ အစိုးရကိုယ်စားလှယ် ၃ ဦး ဘယ်သူဘယ်ဝါဆိုတာကို မသိရသေးပါဘူး။ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြား ဆွေးနွေးပွဲမှာ ပြုံးချန်းအိုလံပစ်ပွဲကို အားကစားသမားတွေနဲ့ အဆင့်မြင့်အစိုးရ ကိုယ်စားလှယ်တွေ စေလွှတ်ဖို့ မြောက်ကိုရီးယားက သဘောတူခဲ့ပါတယ်။
3 years Ago

February 17, 2017

အိုလံပစ်အားကစားပွဲတော် ဆုတံဆိပ်များလုပ်ရန် တယ်လီဖုန်းအဟောင်းများ စုဆောင်း

လာမယ့် ၂၀၂၀ ခုနှစ်မှာ ဂျပန်နိုင်ငံ မြို့တော် တိုကျိုမှာ ကျင်းပမယ့် အိုလံပစ်အားကစားပွဲတော် ဆုတံဆိပ်တွေလုပ်ဖို့ တယ်လီဖုန်းအဟောင်းတွေ စုဆောင်းတဲ့အစီအစဉ်ကို တိုကျိုမြို့တော်မှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က စတင်လိုက်ပါတယ်။ အိုလံပစ်ဆုတံဆိပ်တွေအတွက် လိုအပ်တဲ့ ရွှေ၊ ငွေ၊ ကြေး တန်ချိန် စုစုပေါင်း ၈ တန်ကို ဒီ တယ်လီဖုန်းဟောင်းတွေ၊ အသေးစား အိမ်သုံးပစ္စည်းပျက်တွေကနေ ထုတ်ယူမှာပါ။ အိုလံပစ်နဲ့ မသန်စွမ်း အိုလံပစ်ဆုတံဆိပ်တွေကို အခုလို အီလက်ထရောနစ်ပစ္စည်းတွေက ထုတ်ယူတာ ပထမဆုံးဖြစ်ပြီး ဂျပန်ပြည်သူတွေကလည်း တက်တက်ကြွကြွ ပါဝင်ကြပါတယ်။ "အခုလို ကျမရဲ့ဖုန်းဟောင်းတွေကနေ ၂၀၂၀ အိုလံပစ်ဆုတံဆိပ်တွေ ဖြစ်လာမယ်ဆိုတော့ တကယ်ကို ကောင်းတဲ့အစီအစဉ်ပါ။ ဒါကြောင့် ဖုန်းတွေကို လာပေးတာပါ" လို့ အသက် ၅၅ နှစ်အရွယ် ကာဝါဆာကီမြို့မှ အမျိုးသမီးတဦးက ပြောပါတယ်။ ၂၀၂၀ တိုကျိုအိုလံပစ်ပွဲတော်မှာ ဂျပန်ပြည်သူတွေ တိုက်ရိုက်ပါဝင်ခွင့်ရဖို့နဲ့ ပွဲတော်ကုန်ကျစရိတ် တဘက်တလမ်းက သက်သာအောင်လို့ အိုလံပစ်ပွဲတော်ကျင်းပရေး အာဏာပိုင်တွေ အခုလအစောပိုင်းက စီစဉ်လိုက်ကြတာပါ။ အိုလံပစ်ပွဲတော်ကျင်းပရေး ကုန်ကျစရိတ်ဟာ ကနဦး တွက်ချက်မှုတွေအရ အမေရိကန်ဒေါ်လာ ၂၆ ဘီလယံကျော်ခဲ့တဲ့အတွက် သိပ်ကြီးမြင့်လွန်းလို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကပဲ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံအထိ လျော့ချခဲ့တာပါ။ ဒီအစီအစဉ်ဟာ တကယ်ကို စိတ်ကျေနပ်စရာ၊ စိတ်လှုပ်ရှားစရာ အစီအစဉ်ပါပဲလို့ တိုကျိုမြို့တော်ဝန်ကလည်း ပြောဆိုပါတယ်။ ဧပြီလကျရင် ဒေသခံအစိုးရရုံးတွေ၊ ဖုန်းဆိုင်တွေမှာ တယ်လီဖုန်းအဟောင်း ကောက်ခံရေးပုံးတွေ ချထားမှာဖြစ်ပြီး အိုလံပစ်ဆုတံဆိပ်တွေအတွက် လိုအပ်တဲ့ သတ္တုတန်ချိန် ၈ တန်ရရင်တော့ ဒီကောက်ခံရေး အစီအစဉ်ကို ရပ်နားမှာ ဖြစ်ပါတယ်။
4 years Ago
More News
Up