အိုမန်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ လက်နက်ခဲယမ်း အမြောက်အမြား တင်ဆောင်လာတဲ့ ငါးဖမ်းစက်လှေတစီးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သြစတြေးလျရေတပ်က မတ် ၈ ရက်နေ့မှာ ပြောပါတယ်။
လောင်ချာတွေ၊ စက်သေနတ်တွေနဲ့ ရိုင်ဖယ်အလက် ၂၀၀၀ ကျော်ကို ငါးဖမ်းပိုက်တွေအောက်မှာ လျှို့ဝှက်သယ်ဆောင်လာတယ်လို့ သြစတြေးလျရေတပ်က ထုတ်ပြန်ပါတယ်။
ဘယ်သူက ဘယ်သူ့ကို ပေးပို့လာတဲ့ လက်နက်ခဲယမ်းတွေလည်း ဆိုတာတော့ မရှင်းသေးပေမယ့် ငါးဖမ်းစက်လှေ တားဆီးစစ်ဆေးခံရချိန်က အယ်ရှာဘတ် အကြမ်းဖက်တွေ လှုပ်ရှားတဲ့ ဆိုမာလီယာနိုင်ငံကို ငါးဖက်စက်လှေက ဦးတည်ခုတ်မောင်းနေတယ်လို့ ဆိုပါတယ်။
ဆိုမာလီယာနိုင်ငံ မဟုတ်ရင်လည်း ဆိုမာလီယာနိုင်ငံ မြောက်ပိုင်းက စစ်ဖြစ်နေတဲ့ ယီမင်နိုင်ငံကို ဦးတည်ခုတ်မောင်းနေတာလည်း ဖြစ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
သြစတြေးလျ ရေတပ်သင်္ဘောဟာ ဆိုမာလီယာနိုင်ငံကို လက်နက်တင်ပို့မှု တားဆီးရေး ကုလသမဂ္ဂ အစီအစဉ်နဲ့ နိုင်ငံတကာရေတပ်နဲ့ ပူးပေါင်းပြီး အာရေဗျပင်လယ်ပြင်မှာ ကင်းလှည့်နေချိန် ဒီငါးဖမ်းစက်လှေကို တားဆီးနိုင်ခဲ့တာပါ။
ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂ သန်းဖိုးလောက် ရှိတဲ့အတွက် အတော်အတန်များတဲ့ ပမာဏဖြစ်တယ်လို့ သြစတြေးလျရေတပ်က ပြောဆိုပါတယ်။
6 years Ago