အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားက တာဝန်မဲ့ လူမှုကွန်ရက် သုံးစွဲမှုတွေအကြောင်း သတိပေး ပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ကျင်းပတဲ့ ဘီဘီစီ ရေဒီယို-၄ အစီအစဉ်မှာ ဗြိတိန်မင်းသား ဟယ်ရီက အိုဘားမားကို တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။
ဒီလို တာဝန်မဲ့သုံးစွဲမှုတွေက သတင်းမှားတွေကို ပျံ့နှံ့စေပြီး ရှုပ်ထွေးလှတဲ့ အရေးကိစ္စတွေမှာ လူတွေရဲ့ နားလည်မှုကို ထင်ယောင်ထင်မှား ဖြစ်စေတယ်လို့ သမ္မတဟောင်းက သတိပေးခဲ့တာပါ။
လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်က တွစ်တာကို အလွန်အကျွံသုံးစွဲသူ ဖြစ်ပေမယ့် အိုဘားမားက သူ့ရဲ့နာမည်ကိုတော့ ရည်ညွှန်းပြောကြားတာ မရှိပါဘူး။
လူမှုကွန်ရက်က အများပြည်သူနဲ့ဆိုင်တဲ့ အကျယ်တဝင့် ရေးသားချက်တွေကို ထင်ယောင်ထင်မှားဖြစ်စေလို့ အာဏာရှိတဲ့လူတွေက သတင်းစကားတွေကို လူမှုကွန်ရက်ပေါ်မှာ တင်တဲ့အခါ သတိထားသင့်ကြောင်း သမ္မတဟောင်းက ပြောပါတယ်။
နောင်အနာဂတ်မှာ တကယ့်အချက်အလက်တွေကို ဖယ်ပြီး လူတွေရဲ့ အမြင်တွေကိုပဲ အားကောင်းစေတဲ့ အကြောင်းအရာတွေကိုသာ လူတွေက နားထောင်မှာ၊ ဖတ်မှာကို စိုးရိမ်တယ်လို့ သမ္မတက ပြောခဲ့တာပါ။
“အင်တာနက်ရဲ့ အန္တရာယ်တွေထဲက တခုက လူတွေမှာ လုံးဝကွဲပြားခြားနားတဲ့ အမှန်တရားတွေ ရှိနေနိုင်တာပါ။ လူတွေကို သူတို့ရဲ့ လက်ရှိဘက်လိုက်မှုတွေ အားကောင်းစေတဲ့၊ ထောက်ပံ့မှုပေးတဲ့ သတင်းအချက်အလက်တွေထဲ ပိတ်လှောင်ထားလို့ရတယ်” လို့ သမ္မတဟောင်းက ပြောပါတယ်။
ထရမ့်ဟာ တွစ်တာကို အလွန်အကျွံ သုံးစွဲတယ်လို့ ဝေဖန်စွပ်စွဲခံနေရပေမယ့် ဒါက သူ့ကို အမေရိကန်ပြည်သူတွေနဲ့ တိုက်ရိုက်ဆက်သွယ်မှု ဖြစ်စေတာပါ။
ထရမ့်ကို အာဏာလွှဲပြောင်းချိန် အိုဘားမားက “အလုပ်အားလုံး ခုထိ မပြီးမြောက်ခဲ့ပါဘူး။ တိုင်းပြည် ဘယ်လို ရှေ့ဆက်သွားမလဲလို့ စိုးရိမ်ပေမယ့် အားလုံးချုံလိုက်ရင် ငြိမ်းချမ်းတည်ငြိမ်မှုတော့ ရှိခဲ့ပါတယ်” လို့ ပြောကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago