ဂျာမနီနိုင်ငံတ၀န်း အိုင်အက်စ်အကြမ်းဖက်နဲ့ ပတ်သက်ဆက်နွယ်တယ်လို့ ယုံကြည်ရတဲ့ ဗလီအလုံး ၂၀၀ ကျော်၊ တိုက်ခန်းတွေနဲ့ ရုံးခန်းတွေကို ဂျာမနီရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက် ညက ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြပါတယ်။
ဂျာမနီနိုင်ငံက အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတခုဖြစ်တဲ့ DWR အဖွဲ့ကို အိုင်အက်စ် အကြမ်းဖက်အဖွဲ့အတွက် တပ်သားသစ်တွေ စုဆောင်းပေးမှု စွပ်စွဲချက်နဲ့ အာဏာပိုင်တွေက ပိတ်ပင်ခဲ့အပြီး အခုလို နိုင်ငံတဝန်း ဗလီတွေနဲ့ တိုက်ခန်းတွေကို စီးနင်းမှုတွေ လုပ်ခဲ့တာပါ။
DWR အစ္စလာမ်အဖွဲ့က ဂျာမနီနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်မယ့် အထောက်အထားမျိုးတော့ မတွေ့ရဘူး၊ ဒါပေမယ့် ဘာသာရေးအခြေခံတဲ့ မုန်းတီးမှုတွေနဲ့ သွေးကွဲမှုတွေဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုတွေ ရှိခဲ့တယ်၊ ဒါဟာ ဂျာမနီနိုင်ငံရဲ့ အခြေခံဥပဒေကို ချိုးဖောက်မှုဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။
ဂျာမနီနိုင်ငံက မွတ်စလင် ဘာသာရေးအစွန်းရောက်တချို့ဟာ အိုင်အက်စ် အကြမ်းဖက်အဖွဲ့နဲ့ သွားရောက်မပူးပေါင်းခင် ဒီ DWR အစ္စလာမ်ဘာသာရေးအဖွဲ့နဲ့ ဆက်သွယ်မှုတွေကို အာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။
လတ်တလော ဆီးရီးယားနဲ့ အီရတ်နိုင်ငံက အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ သွားရောက်ပူးပေါင်း တိုက်ခိုက်နေတဲ့ ဂျာမနီနိုင်ငံက ဘာသာရေးအစွန်းရောက် အယောက် ၉၀၀ လောက် ရှိမယ်လို့လည်း ဂျာမနီလုံခြုံရေးအာဏာပိုင်တွေက ခန့်မှန်းကြပါတယ်။
4 years Ago