အိုင်အက်စ်အဖွဲ့ဝင် ဗြိတိန်နိုင်ငံသားက နိုင်ငံကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက် (ရုပ်သံ)

January 7, 2016

အိုင်အက်စ်အဖွဲ့ဝင် ဗြိတိန်နိုင်ငံသားက နိုင်ငံကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက် (ရုပ်သံ)

အိုင်အက်စ်အကြမ်းဖက် ဖြန့်ခဲ့တဲ့ဗွီဒီယိုထဲမှာ ဗြိတိန်နိုင်ငံကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့သူဟာ ဗြိတိန်ရဲတပ်ဖွဲ့က အာမခံထားတဲ့ကာလအတွင်း အိုင်အက်စ်အကြမ်းဖက်တွေနဲ့ သွားရောက် ပူးပေါင်းခဲ့တဲ့သူဖြစ်တာကြောင့် ဗြိတိန်အစိုးရရဲ့လုံခြုံရေးမူဝါဒတွေကို အတိုက်အခံလေဘာပါတီက ဝေဖန်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံအတွက် သူလျှိုလုပ်ပေးတယ်လို့ စွပ်စွဲပြီး လူ ၅ ယောက်ကို ကွပ်မျက်တဲ့ ဗွီဒီယိုထဲမှာ ဗြိတိန်နိုင်ငံကို တိုက်ခိုက်မယ်လို့ ခေါင်းစွပ်ဝတ်ပြီး ခြိမ်းခြောက်ခဲ့သူဟာ ဗြိတိန်နိုင်ငံသား စစ်ဒါတာ ဒါး (Siddhartha Dhar)ဆိုသူဖြစ်တယ်လို့ ဗြိတိန်ထောက်လှမ်းရေးတွေက ယုံကြည်နေပါတယ်။ လန်ဒန်မြို့တော်အရှေ့ပိုင်းမှာ နေထိုင်သူ ကလေး ၄ ယောက်ဖခင်ဖြစ်ပြီး အကြမ်းဖက်အဖွဲ့တွေ ဆက်နွှယ်မှု၊ အကြမ်းဖက်မှု အားပေးအားမြှောက်မှု စွဲချက်တွေနဲ့ ဖမ်းဆီးခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ထဲမှာ ရဲအာမခံနဲ့ ပြန်လွှတ်ပေးထားတဲ့အချိန်မှာ ဆီးရီးယားနိုင်ငံကို ထွက်ခွာသွားတာဖြစ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က မသိခဲ့တဲ့အပေါ်မှာ အတိုက်အခံလေဘာပါတီ ပြည်ထဲရေးပြောခွင့်ရက အစိုးရရဲ့ တန်ပြန်အကြမ်းဖက်မူဝါဒတွေကို မေးခွန်းထုတ်ခဲ့တာပါ။ ဗြိတိန်ပြည်ထဲရေးဝန်ကြီး ထရီဇာ မေ (Theresa May) ကတော့ ရဲအာမခံပေးတဲ့ကိစ္စဟာ ဗြိတိန်ရဲတပ်ဖွဲ့ ဆုံးဖြတ်ခွင့်နဲ့ပဲဆိုင်တယ်လို့ ပါလီမန်မှာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ဆီးရီးယားနဲ့ အီရတ်နိုင်ငံက အကြမ်းဖက်အဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်းခဲ့သူ ဗြိတိန်နိုင်ငံသား ၈၀၀ လောက်အထိရှိနိုင်တယ်လို့ ဗြိတိန်ထောက်လှမ်းရေးအာဏာပိုင်တွေက ယုံကြည်ထားပြီး အဲဒီထဲက တ၀က်လောက်က ဗြိတိန်နိုင်ငံကို ပြန်လည်ရောက်နေကြတယ်လို့ ပြောဆိုပါတယ်။
7 years Ago
Up