အိုင်အက်စ်သိမ်းပိုက်ခဲ့သည့် ရှေးဟောင်း ပါလ်မိုင်ရာမြို့ကို ဆီးရီးယားအစိုးရတပ် ပြန်သိမ်းပိုက်

A d v e r t i s e m e n t With Us

March 28, 2016

အိုင်အက်စ်သိမ်းပိုက်ခဲ့သည့် ရှေးဟောင်း ပါလ်မိုင်ရာမြို့ကို ဆီးရီးယားအစိုးရတပ် ပြန်သိမ်းပိုက်

ဆီးရီးယားအစိုးရတပ်တွေဟာ မနှစ်က အိုင်အက်စ်အကြမ်းဖက်တွေ သိမ်းပိုက်ပြီး ဒိုင်းနမိုက်တွေနဲ့ ဖောက်ခွဲဖျက်ဆီးထားတဲ့ ရှေးဟောင်း ပါလ်မိုင်ရာမြို့တော်ကို မတ် ၂၇ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ရရှိပြီလို့ နိုင်ငံပိုင်မီဒီယာနဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့တခုက ပြောပါတယ်။ အစိုးရတပ်နဲ့ ပြည်သူ့စစ်တွေဟာ မြို့တော်ကို လုံးဝထိန်းချုပ်နိုင်ပြီဖြစ်ပြီး စစ်သွေးကြွတွေ ထောင်ထားခဲ့တဲ့ မိုင်းတွေနဲ့ ဗုံးတွေကိုလည်း ရှင်းလင်းနေပြီလို့ စစ်တပ် သတင်းရင်းမြစ်တခုကို ကိုးကားပြီး ဆီးရီးယားရုပ်သံက ပြောပါတယ်။ မတ် ၂၇ ရက်နေ့ မနက်ပိုင်းက မြို့ရဲ့အရှေ့ဘက်ခြမ်းမှာ သေနတ်ပစ်ခတ်မှုတွေ ရှိနေဆဲဖြစ်ပြီး အိုင်အက်စ်တပ်ဖွဲ့ဝင် အရေအတွက် လျော့နည်းသွားကာ အရှေ့ဘက်ကို ပြန်လည်ရသွားပြီး ပါလ်မိုင်ရာဟာ သမ္မတ ဘာရှားအလ် အာဆတ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ပြန်ရောက်သွားပြီလို့ ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ ပါလ်မိုင်ရာကို ပြန်လည်သိမ်းပိုက်နိုင်တာဟာ အစိုးရတပ်ဖွဲ့တွေအတွက်တော့ တောင်ပိုင်း အီရတ်နယ်စပ်အထိ၊ ဆီးရီးယားအရှေ့ဘက် ကန္တာရနဲ့ အိုင်အက်စ်တွေရဲ့ အမာခံနယ်မြေ ဒီယာအလ်ဇောနဲ့ ရက်ကာတို့အထိ လမ်းအများကြီး ပွင့်သွားတာ ဖြစ်ပါတယ်။ ဒါဟာ အိုင်အက်စ်တွေကို တိုက်ထုတ်ချေမှုန်းဖို့ ရည်ရွယ်ထားတဲ့ ရုရှားရဲ့ လေကြောင်းပစ်ကူတွေ နောက်ခံပြုပြီး မြေပြင်မှာ အစိုးရတပ်နဲ့ မဟာမိတ် ပြည်သူ့စစ်တပ်ဖွဲ့တွေ ၃ ပတ်ကြာ တိုက်ပွဲအပြီး ခုလို ပြန်သိမ်းပိုက်နိုင်တာ ဖြစ်ပါတယ်။ ပါလ်မိုင်ရာကို ပြန်သိမ်းပိုက်နိုင်ဖို့ တိုက်ပွဲမှာ အစိုးရနဲ့ မဟာမိတ်တပ်ဖွဲ့က အယောက် ၁၈၀ လောက် သေဆုံးသွားတယ်လို့ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ ပါလ်မိုင်ရာတိုက်ပွဲမှာ အိုင်အက်စ်တိုက်ခိုက်ရေးသမား ၄၀၀ လောက် သေဆုံးသွားတာဟာ ၂၀၁၄ က အီရတ်နဲ့ ဆီးရီးယားက နယ်မြေတွေမှာ ကာလီဖိတ် အုပ်ချုပ်တဲ့နိုင်ငံလို့ ကြေညာခဲ့ပြီးနောက်ပိုင်း အိုင်အက်စ်အဖွဲ့အတွက် တကြိမ်တည်းမှာ အကြီးမားဆုံး ထိခိုက်မှုဖြစ်တယ်လို့ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ရာမီ အဗ္ဗဒလ် ရာမန်က ပြောပါတယ်။
5 years Ago
Up