အိုင်အက်စ်ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသည့် ဘုန်းတော်ကြီးကို ဖိလစ်ပိုင်စစ်တပ် ကယ်တင်

September 19, 2017

အိုင်အက်စ်ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသည့် ဘုန်းတော်ကြီးကို ဖိလစ်ပိုင်စစ်တပ် ကယ်တင်

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီမြို့မှာ အိုင်အက်စ် အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့က လေးလနီးပါး ဓားစားခံအဖြစ်  ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတပါးကို ဖိလစ်ပိုင်စစ်တပ်က ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အခုနှစ် မေလ ၂၃ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မာရာဝီမြို့ကို စတင်တိုက်ခိုက်ခဲ့တဲ့ အိုင်အက်စ် အစ္စလာမ္မစ်အဖွဲ့နဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်အဖွဲ့ဟာ မာရာဝီမြို့မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ခရစ်ယာန်ဘုန်းတော်ကြီး ချစ်တိုဆိုဂါနက်ကိုလည်း တခြား ခရစ်ယာန်ဘာသာဝင်တွေနဲ့အတူ ဓားစားခံအဖြစ် ဖမ်းဆီးခဲ့တာပါ။ “အသင်တို့အတွက် ဆုတောင်းပေးပါတယ်။ ဘုရားသခင် ကောင်းချီးပေးပါစေ။ ကျနော်ခံစားနေရတဲ့ စိတ်ဝေဒနာကနေ ပြန်လည်ကောင်းမွန်လာဖို့ ဆုတောင်းပေးကြပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်" လို့ ဘုန်းတော်ကြီး ချစ်တိုဆိုဂါနက်က ပြောပါတယ်။ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင်လိုရန်ဇာနာက “ပြင်းထန်တဲ့တိုက်ပွဲတွေ အရှိန်မြင့်နေပြီး ကျနော်တို့တပ်တွေ အသာစီးရနေ၊ အကြမ်းဖက်သမားတွေလည်း ကျနော်တို့ရဲ့ ထိုးစစ်ကို ပြန်တုံ့ပြန်နေရတာနဲ့ အလှုပ်ရှုပ်နေတုန်းမှာ ကျနော်တို့တပ်တွေက ဖာသာ ချစ်တိုနဲ့ အိုကိုပီရိုတို့ကို ကယ်ဖို့ အခွင့်သာခဲ့တာပါ။ သူတို့နှစ်ယောက်ကို ချက်ချင်းပဲ ကျေန်ာတို့ရဲ့ဌာနချုပ်ကို ပို့ပြီး သင့်တော်တဲ့ ဆေးကုသမှုတွေ ပေးခဲ့ပါတယ်" လို့ ပြောပါတယ်။ “၁၂ ယောက်လောက် ဘာတိုဗလီမှာ ဓားစာခံအနေနဲ့ အဖမ်းခံထားရတာပါ။ ကျနော်တို့ ထောက်လှမ်းရေးသတင်းတွေအရ ဖာသာနဲ့အတူ လူ ၂၅ ယောက်ရှိပါတယ်။ ဒါပေမယ့် သူတွေ့တာကတော့ ၁၂ ယောက်ပဲ တွေ့တယ်တဲ့။ ဒါနဲ့ ဒီဓားစာခံတွေရော၊ တခြားအဆောက်အဦမှာရှိတဲ့ ဓားစာခံတွေကိုရော ကယ်ဖို့ လုပ်ခဲ့တာပါ။ သူတို့ အသက်ရှင်လျက် ကယ်ထုတ်နိုင်အောင် ကျနော်တို့ အစွမ်းကုန်ကြိုးစားသွားမှာပါ” လို့ ဖိလစ်ပိုင် ကာကွယ်ရေးဦးစီးချုပ် အဒူရာဒိုအနိုက ပြောကြားသွားတာဖြစ်ပါတယ်။
4 years Ago
Up