အိုင်အက်စ်ထိန်းချုပ်

January 14, 2017

အိုင်အက်စ်ထိန်းချုပ် မိုဆူးလ်တက္ကသိုလ်ကို အီရတ်အထူးတပ်ဖွဲ့ဝင်များ ၀င်စီး (ရုပ်သံ)

အီရတ် အထူးတပ်ဖွဲ့ဝင်တွေဟာ မိုဆူးလ်မြို့ အရှေ့မြောက်ပိုင်းက မိုဆူးလ် တက္ကသိုလ်ကို ဇန်န၀ါရီ ၁၃ ရက်က ဝင်ရောက်စီးနင်း ခဲ့ပါတယ်။ အစ္စလာမ္မစ် နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို ပိုဝေးဝေး နောက်ဆုတ်သွားအောင် တိုက်နိုင်ခဲ့ပြီး တိုက်ဂရစ်မြစ်ကို ဖြတ်ကူးတဲ့ တံတား နောက်တစင်းဆီ ရောက်အောင် တိုက်ထုတ် နိုင်ခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။ တက္ကသိုလ် ပရဝုဏ်ထဲမှာ တိုက်ပွဲပြင်းထန်တယ်လို့ ရိုက်တာစ် သတင်းဌာန သတင်းထောက်က ပြောပါတယ်။ အီရတ်တပ်တွေဟာ ၃ လနီးပါး မိုဆူးလ်မြို့ အရှေ့ပိုင်းက ခရိုင် အားလုံးနီးပါးကို ပြန်သိမ်းပိုက် နိုင်ခဲ့ပါတယ်။ အီရတ် အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့ စီတီအက်စ် ရဲ့ အကြီးတန်း အရာရှိ ဗိုလ်ချုပ်ကြီး ဆာမီးအယ်လ်အရီဒီက အိုင်အက်စ်တွေဟာ တက္ကသိုလ်ထဲမှာ သူတို့ရဲ့ ဗဟိုဌာနချုပ်ကို ထားရှိတာဖြစ်ပြီး မိုဆူးလ်မြို့ အရှေ့ပိုင်း တဝက်ထဲမှာ အင်မတန် အရေးပါတဲ့ ဌာနပဲလို့ ပြောပါတယ်။ အကြမ်းဖက်သမားတွေ ပြင်ဆင်ထားခဲ့တဲ့ အခက်အခဲ အရံအတားတွေကို ကျော်လွှားနိုင်ခဲ့ပြီး တက္ကသိုလ်ထဲက သူတို့ အလံကြီးကို ဖြုတ်ချခဲ့ကြောင်း ဒီအလံဟာ မြို့အရှေ့ပိုင်းမှာ အမြင့်ဆုံး ထောင်ထားတဲ့ အလံပဲလို့ ဆိုပါတယ်။ မိုဆူးလ်မြို့က အိုင်အက်စ်တွေကို မောင်းထုတ်ပြီးရင် အီရတ်နယ်မြေထဲမှာ အိုင်အက်စ် ခြေကုပ် အပြီးတိုင် အဆုံးသတ်သွားမှာပါ။ အိုင်အက်စ်တွေဟာ အီရတ်ကို ၂၀၁၄ မှာ သိမ်းခဲ့ပြီး ဆီးရီးယားနဲ့ အီရတ်တလွှားက သူတို့နယ်မြေကို ဘာသာရေး ဆရာ အုပ်ချုပ်တဲ့ ကာလီဖိတ်နိုင်ငံအဖြစ် တကိုယ်တော် ကြေညာခဲ့ပါတယ်။ အိုင်အက်စ်တွေဟာ တက္ကသိုလ်ကနေ သိပ္ပံသုတေသနအတွက် သုံးတဲ့ နျူကလီးယား ဆိုင်ရာ ပစ္စည်းကိရိယာတွေကို သိမ်းခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ မိုဆူးလ်မြို့ကနေ အိုင်အက်စ်တွေကို မောင်းထုတ်ဖို့ အမေရိကန် ကျောထောက်နောက်ခံ ပေးထားတဲ့ စစ်ဆင်ရေးထဲမှာ အီရတ် စစ်တပ်၊ ကာဒစ် တိုက်ခိုက်ရေးသမားတွေနဲ့ ရှီးယိုက် ပြည်သူ့စစ်တွေ အင်အား ၁ သိန်းထိ ပါဝင်ခဲ့ပါတယ်။
5 years Ago
Up