အိုင်အက်စ်စစ်သွေးကြွ ၉၀ ကျော်ကို ဖမ်းဆီးထားဟု ဆော်ဒီပြော

June 24, 2015

ရှေးဟောင်းဆီးရီးယားမြို့ ပါမိုင်ရာကို အိုင်အက်စ်အဖွဲ့ ဖျက်ဆီး

အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေဟာ ကမ္ဘာ့အမွေအနှစ်အဖြစ် ကုလသမဂ္ဂ ယဉ်ကျေးမှုအဖွဲ့ကြီး (ယူနက်စကို) က သတ်မှတ်ထားတဲ့ အနှစ် ၂ ထောင်သက်တမ်းရှိ ရှေးဟောင်း ဆီးရီးယားမြို့ ပါမိုင်ရာကို ဇွန် ၂၃ ရက်နေ့က ဖောက်ခွဲ ဖျက်ဆီးလိုက်ပါတယ်။ မေလတုန်းက တဒ်မာရ်မြို့ကို အိုင်အက်စ် စစ်သွေးကြွတွေ သိမ်းပိုက်အပြီး ဒါဟာ ပထမဆုံး ဖျက်ဆီးမှုလည်း ဖြစ်ပါတယ်။ စစ်သွေးကြွတွေ အဲဒီမြို့မှာ စခန်းချနေခဲ့သလို ဆီးရီးယားတပ်တွေကလည်း ဗုံးကြဲခဲ့ပါတယ်။ စစ်သွေးကြွတွေက မြို့တွင်းမှာ မိုင်းတွေထောင်ခဲ့တယ်လို့ ဗြိတိန်အခြေစိုက် စောင့်ကြည့်ရေးအုပ်စုဖြစ်တဲ့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောပါတယ်။ ဒါပေမယ့် စစ်သွေးကြွတွေက ရှေးဟောင်းဒေသကို ဖျက်ဆီးဖို့ ပြင်ဆင်တာလား၊ အစိုးရတပ်တွေ သူတို့ကို မစီးနင်းနိုင်အောင် မိုင်းထောင်တာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဆီးရီးယား ရှေးဟောင်းပစ္စည်းဌာန ခေါင်းဆောင် အဗ္ဗဒူ မာမွန် အဗ္ဗဒူခရင်းမ်က စစ်သွေးကြွတွေဟာ သူတို့ဖြန့်ကြက်ရာ ဒေသတွေမှာ ဂူသင်္ချိုင်းတွေကို တွေ့တာနဲ့ ဘာသာရေး စော်ကားမှုလို့ ရှုမြင်ပြီး ဖျက်ဆီးပစ်တော့တာပဲလို့ ပြောပါတယ်။ အိုင်အက်စ် စစ်သွေးကြွတွေ အီရတ်နဲ့ ဆီးရီးယားက နယ်မြေအများအပြားကို မထိန်းချုပ်ခင်ကတည်းက ရာနဲ့ချီတဲ့ ရုပ်တုတွေကို မြို့တွင်းကနေ ဘေးကင်းတဲ့ နေရာဆီ ရွှေ့ပြီးပြီလို့ သူက ဆက်ပြောပါတယ်။ အိုင်အက်စ် စစ်သွေးကြွတွေဟာ အီရတ်နဲ့ ဆီးရီးယားရှိ ဆူဖီဂိုဏ်းခွဲက အများအပြားပိုင်တဲ့ ဒါဇင်နဲ့ချီတဲ့ ဘာသာရေး ဝတ်ကျောင်းတွေကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီးပါပြီ။ အစ္စလာမ် ဘာသာရေးကျောင်းဖြစ်တဲ့ ဆူဖီကျောင်းတွေကို ဆာလာဖစ် ဆွန်နီ မွတ်စလင်တွေက ဆန့်ကျင်ကြပါတယ်။ အိုင်အက်စ်တွေနဲ့ အယ်လ်ကိုင်းဒါးတွေဟာ အကျင့်သိက္ခာ စောင့်စည်းမှု တင်းကျပ်တဲ့ ဒေသက ဆာလာဖစ် မွတ်စလင်တွေကို တိုက်ခိုက်ရေးသမားတွေအဖြစ် စုဆောင်းလေ့ ရှိပါတယ်။
6 years Ago

June 10, 2015

အိုင်အက်စ်စစ်သွေးကြွ ၂၀ ကျော်နှင့် လက်နက်များ အီရတ်စစ်တပ် ဖမ်းမိ

အီရတ်တပ်ဖွဲ့တွေဟာ ဆာလာဟူဒင်ပြည်နယ်ထဲက ဆာမာရာဒေသ အနောက်ဘက်မှာ နယ်မြေပြန်ရယူရေး တိုက်ပွဲတွေအတွင်းမှာ အိုင်အက်စ်စစ်သွေးကြွ ၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အီရတ်စစ်တပ်က ပြောပါတယ်။ မျက်လုံးတွေကို ဖုံးအုပ်စည်းနှောင်ပြီး လက်နောက်ပြန် ကြိုးတုပ်ထားတဲ့ အနက်ဝတ်စုံနဲ့ လူ ၂၄ ဦးကို မီဒီယာတွေမှာ ထုတ်ပြပါတယ်။ သူတို့နဲ့အတူ အမြောက်တွေ၊ ဗုံးတွေ အမျိုးစုံ အပါအ၀င် ဖမ်းဆီးရမိတဲ့ လက်နက်ငွေကြေး အများအပြားကိုလည်း ဆာလာဟူဒင်ပြည်နယ်က ဘာလဒ်မြို့မှာရှိတဲ့ အမှတ် ၁၇ ခြေလျင်တပ် စစ်ဌာနချုပ်မှာ ပြသထားပါတယ်။ “ဒီစစ်ဆင်ရေးဟာ ဆာမာရာအနောက်ဘက်က အလ်ဂျာဇီရာနဲ့ အလ်ဘာဒီယာ ဒေသတွေကို ရှင်းလင်းတော့မှာ ဖြစ်ပါတယ်။ ဒီနယ်မြေထဲက အကြမ်းဖက်တွေကို ရှင်းလင်းဖို့ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတော့ ပြီးမြောက်သွားပါပြီ။ ဒီတိုက်ပွဲတွေမှာ ကျနော်တို့ အိုက်ဇစ် အဖွဲ့ဝင် ၂၄ ယောက်ကို ဖမ်းမိထားတယ်။ အိုက်ဇစ် ၁၉၈ ယောက်ကျော်ကျော်လည်း သတ်လိုက်နိုင်တယ်။ လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံ၊ ဗုံးတွေနဲ့ ထောင်ချောက်ဆင်ထားတဲ့ ကားတွေရှိတဲ့ စက်ရုံတရုံ၊ လက်ပစ်ဗုံးတွေနဲ့ လက်နက်ကြီး လက်နက်လတ်တွေလည်း သိမ်းဆည်းရမိပါတယ်။” လို့ အမှတ် ၁၇ ခြေလျင်တပ်ရင်း တပ်မှူး ဗိုလ်မှူးချုပ် မာအဒ် ဘာဒိုင် ဖှာရာ့ခ်ျ က ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ လက်နက်တွေထဲမှာ IED ခေါ် လက်လုပ် ဖောက်ခွဲရေးပစ္စည်းတွေ၊ အဝေးကနေ ထိန်းချုပ် ဖောက်ခွဲရေးပစ္စည်းအဖြစ် စစ်သွေးကြွတွေ အသုံးပြုတတ်တဲ့ မိုဘိုင်းဖုန်းတွေနဲ့ အသုံးမပြုရသေးတဲ့ တယ်လီဖုန်းဆင်းမ်ကတ်အသစ် ၁၀၀ ကျော်လည်း ပါဝင်ပါတယ်။ အီရတ်စစ်တပ်ဟာ လတ်တလော သီတင်းပတ်တွေမှာ ဘဂ္ဂဒက်မြို့တော် အနောက်ဘက် အန်ဘာပြည်နယ်မှာ ရှုံးနိမ့်မှုတွေ ကြုံခဲ့ရပြီးနောက်မှာ ဘဂ္ဂဒက်မြောက်ဘက်က ဆာလာဟူဒင်ပြည်နယ်မှာ အိုင်အက်စ်စစ်သွေးကြွ နှိမ်နင်းရေး အောင်မြင်မှုတွေ ရနေပါတယ်။ ဒါ့အပြင် အိုင်အက်စ်တွေ ထိန်းချုပ်ထားတဲ့ ဘိုင်ဂျီမြို့ရဲ့ အစိတ်အပိုင်း အတော်များများကိုလည်း ရှီယိတ်စစ်သွေးကြွတွေနဲ့ ပူးပေါင်းထားတဲ့ အီရတ်အစိုးရတပ်တွေက ဇွန်လ ၈ ရက် တနင်္လာနေ့က ပြန်လည် ရယူနိုင်ခဲ့ပါတယ်။ ခုဆို အီရတ်စစ်တပ်ဟာ တီကရစ်ကို ပြန်ရယူနိုင်ဖို့ နီးလာပြီ ဖြစ်ပါတယ်။ [gallery ids="96980,96981,96982,96983,96984,96985,96986,96987"]
6 years Ago
More News
Up