အိုင်အက်စ်စစ်သွေးကြွများကို တိုက်ခိုက်ခဲ့သည့်ရုပ်သံ ဆီးရီးယားအစိုးရ ဖြန့်ချိ

June 24, 2017

အိုင်အက်စ်စစ်သွေးကြွများ စိတ်ဓာတ်ပိုင်း အကွဲအပြဲဖြစ်နေပြီဟု လုံခြုံရေးအကဲခတ်ပြော

အီရတ်နိုင်ငံ မိုဆူးလ်မြို့တွင်းက အိုင်အက်စ် စစ်သွေးကြွတွေကြား စိတ်ဓာတ်ပိုင်းဆိုင်ရာ အကွဲအပြဲ ဖြစ်နေပြီလို့ အီရတ် အကဲခတ်တယောက်က ပြောလိုက်ပါတယ်။ တရစပ် ရှုံးနိမ့်မှုကြောင့် အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေကြား စိတ်ဓာတ်ရေးရာ ပြိုကွဲပြီး အယ်လ်နူရီ ဗလီကြီးကို ဖျက်ဆီးခဲ့တာလို့ အီရတ် လုံခြုံရေး အကဲခတ်က ပြောပါတယ်။ အကြမ်းဖက်အုပ်စု စတင်ပြိုကွဲတာဟာ အုပ်စုတွင်း အကွဲအပြဲကြောင့်လို့ သတင်းရင်းမြစ်တွေက ပြသခဲ့တဲ့အကြောင်း အီရတ်လုံခြုံရေး အကဲခတ် ဆာအိ အယ်လ် ဂျာယာရှီက စီစီတီဗီ ရုပ်သံနဲ့ လူတွေ့မေးမြန်းခန်းမှာ ပြောပါတယ်။ အယ်လ်နူရီ ဗလီဟာ အိုင်အက်စ်တွေအတွက် အလေးထားတဲ့ နေရာဖြစ်ခဲ့ဖူးတာပါ။ အိုင်အက်စ်ခေါင်းဆောင် အဘူဘက်ခါ အယ်လ် ဘဂ်ဒါဒီက ဘာသာရေးဆရာ အုပ်ချုပ်တဲ့ ကာလီဖိတ်နိုင်ငံ ထူထောင်ကြောင်း ဒီဗလီကနေ ကမ္ဘာကို တကိုယ်တော် ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဇွန် ၂၁ ရက် ညနေပိုင်းမှာ အဲဒီဗလီကို သူတို့ကပဲ ဗုံးခွဲဖြိုချခဲ့တယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။ “ဗလီကို ဖြိုချလိုက်တာဟာ အခြေအနေသစ်တွေ ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ တိုက်ပွဲ အဆက်မပြတ် ဖြစ်နေတော့ စိတ်ဓာတ်ရေးရာ ပြိုကွဲစေတယ်၊ အတွင်းစည်းထဲ ပရမ်းပတာဖြစ်ပြီး မယုံကြည်မှုတွေကြောင့် အိုင်အက်စ်တွေကြား အကွဲအပြဲတွေ ရှိခဲ့လို့ တချို့အစွန်းရောက်တွေ လက်နက်ချခဲ့တယ်” လို့ အစောပိုင်းက ထွက်ပြေးလွတ်မြောက်လာတဲ့ ဒေသခံတွေက ပြောတယ်လို့ ဆာအိက ပြောပါတယ်။ အီရတ် ပူးတွဲစစ်ဆင်ရေး တပ်မဟာက မိုဆူးလ်မြို့ဟောင်းကို ပြီးခဲ့တဲ့အပတ်က ဝင်ရောက်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲရဲ့ နောက်ဆုံးအဆင့်ကို တွန်းအားပေး တိုက်ပွဲဝင်နေပါတယ်။ မိုဆူးလ်မြို့ဟောင်းဟာ သမိုင်းဝင် ဗိသုကာ လက်ရာဟောင်းက ရှုပ်ထွေးလို့ လမ်းကျဉ်းတွေထဲကို ကားနဲ့ ဝင်လို့ မရတာကြောင့် တပ်ဖွဲ့တွေဟာ လမ်းကြောင်းအားလုံးကနေ ထိုးစစ်ဆင်နေရတယ်လို့ အကဲခတ်က ဆိုပါတယ်။ အချိန်က အရေးမကြီးဘဲ အစွန်းရောက် အားလုံးကို သုတ်သင်ရှင်းလင်းနိုင်ဖို့က အဆုံးသတ်အောင်ပွဲ ပန်းတိုင်ပဲလို့ ထင်ကြောင်း ဆာအိက ပြောပါတယ်။ တိုက်ပွဲထဲမှာ ပါနေတဲ့ အရပ်သားတွေရဲ့ ဘေးကင်းရေးက အရေးအကြီးဆုံးဖြစ်ပြီး အသေအပျောက် နည်းပါးဖို့ အာမခံနိုင်ရေး ဂရုစိုက်နေတယ်လို့လည်း ဆာအိက ထပ်ပြောခဲ့ပါတယ်။
4 years Ago

June 14, 2017

အိုင်အက်စ်စစ်သွေးကြွများ ဖိလစ်ပိုင်တောင်ပိုင်းတွင် တိုက်ပွဲဝင်နေပုံ ရုပ်သံ ဖြန့်ချိ

ဖိလစ်ပိုင်တောင်ပိုင်း မာရာဝီမြို့ထဲမှာ အစ္စလာမ္မစ် စစ်သွေးကြွတွေ တိုက်ပွဲဝင်နေပုံ ရုပ်သံကို အစ္စလာမစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ အာမက်သတင်းဌာနက ဇွန်လ ၁၂ ရက်နေ့မှာ ဖြန့်ချိပါတယ်။ မာရာဝီမြို့ထဲမှာ စွမ်းအားမြင့်လက်နက်တွေကို သုံးနေတဲ့ စစ်သွေးကြွတွေနဲ့ အရပ်သား အတော်များများရဲ့ ပုံတွေကို ရုပ်သံက ပြထားပါတယ်။ အဲဒီအရပ်သားတွေဟာ စစ်သွေးကြွတွေက ဖမ်းထားတဲ့ ခရစ်ယာန်တွေလို့ အာမက် သတင်းဌာနက အခိုင်အမာ ပြောပါတယ်။ စစ်သွေးကြွတွေဟာ မြို့ရဲ့ ၂၀ ရာခိုင်နှုန်းကို သိမ်းပိုက်ထားတယ်လို့ ဖိလစ်ပိုင် ထိပ်တန်းဗိုလ်ချုပ်တယောက်က ဇွန်လ ၁၃ ရက်နေ့မှာ ပြောပါတယ်။ အိုင်အက်စ်တွေကတော့ သူ့ရဲ့ တိုက်ခိုက်ရေးသမားတွေဟာ သီတင်းပတ် ၃ ပတ်ကြာ တိုက်ပွဲအပြီး မြို့ရဲ့ ၃ ပုံ ၂ ပုံကို ဖြန့်ကျက် တပ်စွဲထားတယ်လို့ ပြောပါတယ်။ အစိုးရက လေကြောင်းကနေ နေ့တိုင်း ပစ်ခတ်နေပြီး လမ်းပေါ် တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။ သီတင်း ၃ ပတ်ကြာ တိုက်ပွဲအတွင်း အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၅၈ ဦး သေဆုံးခဲ့ပြီးပါပြီ။ သူပုန်အယောက် ၁၀၀ ကျော်နဲ့ အရပ်သား အယောက် ၂၀ လည်း သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင်စစ်တပ်က ဆိုပါတယ်။
4 years Ago
More News
Up