အိုင်အက်စ်ကျည်ဆန် ဦးခေါင်းနား ကပ်လွတ်သွားသည့် အမျိုးသမီးလက်ဖြောင့်တပ်သား

June 29, 2017

အိုင်အက်စ်ကျည်ဆန် ဦးခေါင်းနား ကပ်လွတ်သွားသည့် အမျိုးသမီးလက်ဖြောင့်တပ်သား (ရုပ်သံ)

အိုင်အက်စ်တွေပစ်လိုက်တဲ့ ကျည်ချက်ကနေ ကံကောင်းထောက်မစွာ ကပ်လွတ်သွားပြီးနောက် ရယ်မောနေတဲ့ ကာဒစ်ရှ် လက်ဖြောင့်တပ်သား အမျိုးသမီးတဦးရဲ့ ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ဆီးရီးယားနိုင်ငံ ရက်ကာမြို့ကို ဝန်းရံထားတဲ့ အိုင်အက်စ်တွေနဲ့ တိုက်ပွဲဖြစ်စဉ်အတွင်း ဆီးရီးယားအစိုးရဘက်က အမျိုးသမီးကာကွယ်ရေးတပ်ဖွဲ့ (ဝိုင်ပီဂျေ) ရဲ့ အမျိုးသမီး လက်ဖြောင့်တပ်သားက အိုင်အက်စ်အကြမ်းဖက်တွေကို ပြတင်းပေါက်ကနေ ပစ်ခတ်နေတာ ရုပ်သံထဲမှာ တွေ့ရပါတယ်။ သူမက အဆောက်အအုံရဲ့ အတွင်းကနေ ကင်မရာချိန်ထားရာဆီကို ပစ်ခတ်နေတာပါ။ အဲဒီအချိန်မှာပဲ ရုတ်တရက် သူမရဲ့ဦးခေါင်းနဲ့ ကပ်နေတဲ့ နောက်ဘက်နံရံနားဆီ ကျည်တတောင့် ဝင်ရောက်ပေါက်ကွဲကာ အခန်းထဲမှာလည်း သဲမှုန့်တွေ လွင့်စင်ထွက်သွားပါတယ်။ သူမရဲ့ဦးခေါင်းနားကို အန္တရာယ်ကြီးစွာ ကပ်ပြီးဖြတ်လာတဲ့ ကျည်ဆန်တတောင့်က သူမကို ထိလုနီးပါးဖြစ်သွားကာ နံရံကိုထိပြီး ပြန်ကန်ထွက်သွားတာကိုလည်း ရုပ်သံထဲမှာ မြင်ရမှာပါ။ ဒီအဖြစ်အပျက်အပေါ် တုန်လှုပ်ကြောက်လန့်နေရမယ့်အစား သေဘေးကနေ ကပ်လွတ်သွားတာကို ရယ်မောပြီး ရှက်သွားတဲ့ သူမရဲ့ လျှာတစ်လစ်ထုတ်လိုက်တဲ့ဟန်ကိုလည်း ရုပ်သံထဲမှာ တွေ့ရပါတယ်။ ဒီရုပ်သံကို ကာဒစ်ရှ် သတင်းထောက်တဦးက လူမှုကွန်ရက်ပေါ် တင်ခဲ့တာဖြစ်ပြီး သတင်းထောက်က “ကြောက်လန့်မှုမရှိတာကို ကာဒစ်ရှ်အမျိုးသမီးတွေ သိတယ်၊ သေခြင်းနဲ့ သိပ်နီးကပ်တဲ့အခါ ခင်ဗျားတို့လို လူသာမန်တွေက ကြောက်ကောင်းကြောက်လိမ့်မယ်၊ ဒါပေမယ့် သူမကတော့ ရယ်နိုင်သေးတယ်” လို့ ဇွန် ၂၈ ရက်နေ့ မေရာသတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up