အိုင်အက်စ်ကို ချေမှုန်းရန် ကမ္ဘာ့နိုင်ငံများ ပူးပေါင်းချိန်တန်ပြီဟု ရုရှားနှင့်ပြင်သစ်ပြော

November 27, 2015

အိုင်အက်စ်ကို ချေမှုန်းရန် ကမ္ဘာ့နိုင်ငံများ ပူးပေါင်းချိန်တန်ပြီဟု ရုရှားနှင့်ပြင်သစ်ပြော

ခုချိန်ဟာ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်)စစ်သွေးကြွတွေကို တိုက်ဖို့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက တပ်တွေ ပူးပေါင်းဖို့အချိန်ပဲလို့ ရုရှားနဲ့ ပြင်သစ်သမ္မတက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က ပြောပါတယ်။ အိုင်အက်စ်အဖွဲ့ဟာ ဆီးရီးယားနဲ့ အီရတ်တလွှား ထိန်းချုပ်ထားတာပါ။ ပြင်သစ်သမ္မတ ဟောလန်ဒီက လူအယောက် ၁၃၀ သေဆုံးခဲ့ရတဲ့ နိုဝင်ဘာ ၁၃ ပြင်သစ်တိုက်ခိုက်မှုအတွက် အိုင်အက်စ်တွေကို တိုက်ဖို့ ဘုံတပ်ဦးတည်ဆောက်ရေး သံတမန်နည်းနဲ့ လက်ဦးမှု ယူနေပါတယ်။ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကတော့ ဘုံရန်သူကို တိုက်ဖို့ ရုရှားအစိုးရက ပြင်သစ်နဲ့ ညီညီညွတ်ညွတ် လက်တွဲလုပ်ဖို့ အဆင်သင့်ပဲလို့ ပြောပါတယ်။ အောက်တိုဘာ ၃၁ ရက်နေ့က အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်ပေါ်မှာ ပျံသန်းနေတဲ့ ရုရှားလေယာဉ်ပျက်ကျလို့ ပါသမျှလူအကုန် ၂၂၄ ယောက် သေဆုံးခဲ့ပြီး အိုင်အက်စ်တွေက သူတို့လုပ်တာလို့ ပြောခဲ့ပါတယ်။ ပြင်သစ်သမ္မတကတော့ အိုင်အက်စ်တွေဟာ ပိုင်နက်၊ စစ်တပ်နဲ့ သယံဇာတ အရင်းအမြစ်တွေ ရှိနေလို့ ကြီးမားတဲ့ ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့သင့်တယ်လို့ ပြောပါတယ်။ ခုလို ပြောနေပေမယ့် ခေါင်းဆောင် ၂ ယောက်ဟာ ရုပ်သံ သတင်းစာရှင်းလင်းပွဲအတွင်း တယောက်ကို တယောက် မကြည့်ခဲ့ကြလို့ ရုရှားနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေးက အဆင်မပြေသေးပုံ ရတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။ အရှေ့အလယ်ပိုင်း မူဝါဒချင်း မတူတာနဲ့ ယူကရိန်းအကျပ်အတည်းကြောင့် ခုလို ဖြစ်နေတာပါ။ ရုရှားနဲ့ ပြင်သစ် ၂ နိုင်ငံလုံးက ဆီးရီးယားမှာ လေကြောင်းကနေ ဗုံးကြဲနေသူတွေပါ။ ရုရှားက ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ကို ဆန့်ကျင်တဲ့ အတိုက်အခံ သူပုန်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပစ်မှတ်ထားနေတာပါ။ အာရပ်နိုင်ငံတွေ၊ ပြင်သစ်နဲ့ အမေရိကန်ကတော့ အိုင်အက်စ်တွေကို ဗုံးကြဲဖို့ အာရုံစိုက်ထားပြီး ဆီးရီးယားသမ္မတ အာဆတ် ရာထူးကနေ ဆင်းပေးရေး လိုလားနေပါတယ်။
6 years Ago
Up