အိုင်စီစီဖလားပွဲတွင် ရိုးမားက စပါးကို ၃ ဂိုး ၂ ဂိုးဖြင့် နိုင်

July 26, 2017

အိုင်စီစီဖလားပွဲတွင် ရိုးမားက စပါးကို ၃ ဂိုး ၂ ဂိုးဖြင့် နိုင် (ရုပ်သံဟိုက်လိုက်)

အမေရိကန်မှာ ယှဉ်ပြိုင်နေတဲ့ နိုင်ငံတကာ ချန်ပီယံဖလား (အိုင်စီစီဖလား) ပွဲစဉ်အဖြစ် အီတလီကလပ် ရိုးမားနဲ့ ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်ဟော့စပါးတို့ ဒီနေ့မနက်က ယှဉ်ပြိုင်ရာ ရိုးမားက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ စပါးဟာ ဒီပွဲမှာ အဓိက ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း၊ အယ်လီ၊ ဒမ်ဘီလီ၊ အဲရစ်ဒိုင်ယာ၊ ဗာတွန်ဂန်၊ အယ်လ်ဒါဝီယာတို့ကို အရန်ကစားတချို့နဲ့ ပွဲထွက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ရိုးမားအသင်းကလည်း တိုက်စစ်မှူး ဒီဇက်ကို၊ နိုင်ဂိုလန်၊ ပါရော့တီ၊ ဒီရော့စီနဲ့ မန်စီးတီးက ပြောင်းရွှေ့လာတဲ့ ကိုလာရော့ဗ်တို့ကို အရန်ကစားသားတချို့နဲ့ တွဲဖက် ယှဉ်ပြိုင်ခဲ့တာပါ။ ဦးဆောင်ဂိုးတွေကိုတော့ ရိုးမားအသင်းက ရရှိပြီး ပွဲချိန် ၁၃ မိနစ်မှာ ပယ်နယ်တီမှတဆင့် ပါရော့တီက သွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရိုးမား ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီ့နောက် နှစ်သင်းစလုံး လူစားလဲမှုတွေလုပ်ခဲ့ပြီး အပြန်အလှန် ကစားခဲ့ကြပေမယ့် ရိုးမားအသင်းကပဲ ဒုတိယဦးဆောင်ဂိုး ရယူနိုင်ခဲ့ကာ ပွဲချိန် မိနစ် ၇၀ မှာ Cengiz Under က သွင်းယူပေးခဲ့ပါတယ်။ စပါးအတွက် ချေပဂိုးတွေကိုတော့ ပွဲချိန် ၈၇ မိနစ်မှာ ဟယ်ရီဝင့်က်စ်၊ မိနစ် ၉၀ မှာ ဗင်းဆင့်ဂျန်ဆင်တို့က သွင်းယူပေးခဲ့ပေမယ့် ပွဲပြီးကာနီးမှာပဲ ရိုးမားအတွက် Marco Tumminello က အနိုင်ဂိုးတဂိုး ထပ်သွင်းယူခဲ့လို့ ပွဲအပြီးမှာ ရိုးမားက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
4 years Ago
Up