ဒီကနေ့မနက် အမေရိကားမှာ ယှဉ်ပြိုင်သွားတဲ့ အိုင်စီစီ နိုင်ငံတကာ ချန်ပီယံဖလားပြိုင်ပွဲမှာ ဂျူဗင်တပ်က ရိုးမားကို ပင်နယ်တီ အဆုံးဖြတ် ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
နှစ်သင်းစလုံး အဓိက ကစားသမား တော်တော်များများနဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားတာပါ။
နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်ကစားနိုင်ခဲ့ပြီး နှစ်ဘက်ဂိုးသမားတွေ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲကစားချိန် ၂၈ မိနစ်လောက်မှာ တိုက်စစ်မှူး မန်ဇူကစ်က ဂျူဗီအတွက် ဦးဆောင်ဂိုး သွင်းယူပါတယ်။ ရိုးမားအတွက် ချေပဂိုးကိုတော့ တိုက်စစ်မှူး ဂျေကိုက ၇၄ မိနစ်မှာ အနီးကပ် သွင်းယူပြီး သရေကျသွားပါတယ်။
ပွဲချိန် မိနစ် ၉၀ အတွင်း တဘက် ၁ ဂိုးစီ သရေကျလို့ ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ပြီး ဂျူဗီက အနိုင်ရသွားတာပါ။
ဂျူဗင်တပ်ဟာ ပြီးခဲ့တဲ့ရာသီက အီတလီ စီးရီးအေ လက်ရှိချန်ပီယံဖြစ်ပြီး ရိုးမားက ဒုတိယရတဲ့အသင်းလည်း ဖြစ်ပါတယ်။
ဒီပွဲနိုင်တဲ့ ဂျူဗင်တပ်က ၅ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၅ မှာရှိနေပြီး ရိုးမားကလည်း ၅ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။
5 years Ago