ဆီးရီးယားစစ်တပ်က အွမ်းစ်ပြည်နယ်ထဲရှိ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ခြေကုပ်စခန်းမြို့ကို သိမ်းပြီးကြောင်းရုပ်သံဖိုင် ဖြန့်ချိခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံ ရှေးဟောင်းမြို့တော် ပယ်လ်မိုင်ရာရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ al-Sukhna မြို့ကနေ အိုက်စစ်တွေကို တိုက်ထုတ်အပြီး မြို့ရဲ့ အသက်ကင်းမဲ့နေတဲ့ လမ်းတွေကို ရိုက်ပြထားတဲ့ ဗွီဒီယိုဖိုင်တခုကို သြဂုတ် ၁၃ ရက်နေ့မှာ ဆီးရီးယားစစ်တပ်က ထုတ်လွှင့်ခဲ့ပါတယ်။
"ဒီနေ့ ကျနော်တို့ al-Sukhna မြို့ကို အိုက်အက်စ်တွေလက်ကနေ အပြီးပြန်သိမ်းနိုင်ခဲ့ပါပြီ။ ဒီအောင်ပွဲကို ကျနော်တို့ရဲ့ သမ္မတကြီးဆီနဲ့ တိုက်ပွဲအတွင်း အသက်စွန့်သွားခဲ့သူတွေကို လက်ဆောင်အဖြစ် ပေးပါတယ်" လို့ ဆီးရီးယားစစ်တပ် အရာရှိတဦးက ပြောပါတယ်။
ဆီးရီးယားအစိုးရရဲ့ စစ်တပ်တွေနဲ့ မဟာမိတ်တပ်တွေက အွမ်းစ်ပြည်နယ်ထဲက နောက်ဆုံးကျန်တဲ့ မြို့ကြီးတမြို့ကို အိုက်အက်စ်တွေ လက်ထဲကနေ ပြန်လည်သိမ်းယူနိုင်ခဲ့ပါပြီလို့ ဆီးရီးယား အစိုးရသတင်းက ကြေညာခဲ့ပါတယ်။
အဲဒီကြေညာချက်မှာ အိုက်အက်စ်တပ်သားတွေ သေဆုံးခဲ့ကြပြီး သူတို့ရဲ့လက်နက်တွေကိုလည်း al-Sukhna မြို့မှာပဲ ဖျက်ဆီးခဲ့တယ်လို့ ဆီးရီးယားစစ်တပ်က ပြောတယ်လို့ ဆိုပါတယ်။
အခု al-Sukhna မြို့ဟာ ဆီးရီးယားနိုင်ငံထဲက အိုက်အက်စ်တွေ ကျန်နေသေးတဲ့ Deir al-Zor ပြည်နယ် နယ်စပ်နဲ့ မိုင် ၃၀ အကွာမှာ တည်ရှိပါတယ်။
Deir al-Zor ပြည်နယ်ဟာ ဆီးရီးယားအစိုးရရဲ့ နောက်ထပ် အဓိကပစ်မှတ်တခု ဖြစ်ပါတယ်။
5 years Ago