အိုင်အက်စ်အကြမ်းဖက်တွေ သိမ်းပိုက်ခဲ့တဲ့ အီရတ်နိုင်ငံအလယ်ပိုင်းက ရာမာဒီမြို့ကို အီရတ်စစ်တပ်နဲ့ ဒေသခံဆွန်နီတပ်ဖွဲ့တွေ ဒီဇင်ဘာ ၂၆ ရက်နေ့က မြို့လယ်ကို ၀င်ရောက်နိုင်ဖို့ ကြိုးစားနေကြပါတယ်။
ဒီမဟာဗျူဟာကျတဲ့ ရာမာဒီမြို့ဟာ ပြီးခဲ့တဲ့မေလက အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အကြမ်းဖက်တွေ လက်အောက် ကျရောက်ခဲ့တဲ့အတွက် အီရတ်စစ်တပ်အတွက် အကြီးအကျယ် ထိုးနှက်ချက်ဖြစ်ခဲ့တာပါ။
ဒီမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းက စတင်ခဲ့ပြီး ဘာသာရေးတင်းမာမှုတွေကို ရှောင်လိုတဲ့အတွက် အင်အားကြီးတဲ့ ရှီယာတိုက်ခိုက်ရေးအင်အားကို မသုံးဘဲ ဆွန်နီတပ်ဖွဲ့တွေကိုပဲ သုံးလာခဲ့တာပါ။
လွန်ခဲ့တဲ့ ၅ ရက်ကမှ မြို့လယ်ကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ကြီးစတင်ခဲ့ပြီး မြို့လယ်အစိုးရရုံးတွေမှာ ခုခံနေတဲ့ အိုင်အက်စ်အကြမ်းဖက်အမာခံ ၃၀၀ လောက်ကို လာမယ့်ရက်တွေအတွင်း ရှင်းလင်းနိုင်မယ်လို့ အီရတ်စစ်တပ်ကပြောဆိုပါတယ်။
ရာမာဒီမြို့ဟာ ဆွန်နီအာရပ်တွေ အများစုနေထိုင်တဲ့မြို့ဖြစ်ပြီး အိုင်အက်စ်အကြမ်းဖက်တွေ မြို့ခံအရပ်သားတွေကို ဖမ်းဆီးထားတယ်ဆိုပြီးတော့လည်း စိုးရိမ်နေကြပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တပ်တွေကလည်း လေကြောင်းက ရှင်းလင်းပေးတယ်လို့ အီရတ်စစ်တပ်က ပြောပါတယ်။
7 years Ago