အုပ်ချုပ်ရေးမှူး ကင်းမဲ့ဇုန်

October 6, 2021

ရေစကြိုမြို့တွင် အုပ်ချုပ်ရေးမှူးများအားလုံးနုတ်ထွက်သွားပြီး အုပ်ချုပ်ရေးမှူးကင်းမဲ့ဇုန်ဖြစ်လာ

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ် ရပ်ကွက် ၈ ခု မှာ စစ်ကောင်စီခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ၈ ယောက်စလုံး နုတ်ထွက်ပြီးနောက်  ရေစကြိုမြို့ဟာ အုပ်ချုပ်ရေးမှူးကင်းမဲ့ဇုန် အခြေအနေကို ရောက်ရှိနေပါတယ်။

မြို့ပေါ်အုပ်ချုပ်ရေးမှူး ၅ ဦးကတော့ အောက်တိုဘာ ၄ ရက်နေ့မှာ တပြိုင်တည်း နုတ်ထွက်ခဲ့ကြပြီး အောက်တိုဘာ ၅ ရက်နေ့မှာ နောက်ထပ် ၃ ဦး ထပ်မံနုတ်ထွက်စာတင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

အောက်တိုဘာ ၄ ရက်နေ့မှာ ရေစကြိုမြို့ပေါ်ရပ်ကွက် အမှတ် (၅) အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်း၊ အမှတ် (၂) အုပ်ချုပ်ရေးမှူး ဦးကြည်မင်း၊ အမှတ်(၇) အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်၊ အမှတ် (၈) အုပ်ချုပ်ရေးမှူး ဦးတင်လှိုင်၊ အမှတ် (၄) အုပ်ချုပ်ရေးမှူး ဦးတင်မျိုးဟန် တို့ နုတ်ထွက်ကြတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၅ ရက်နေ့မှာတော့  အမှတ် (၆) အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ အမှတ် (၃) အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်၊ အမှတ်(၁) အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်းတို့ နုတ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ခုလို အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်သွားတာနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက “ဘယ်လို ပြောနိုင်လဲဆိုတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရားမှာ ပါဝင်နေတဲ့ အုပ်ချုပ်ရေးယန္တရား လုံး၀ ပျက်သုဉ်းသွားပြီလို့ ပြောရမှာပေါ့။ ဘာလို့ ထွက်တာဖြစ်နိုင်လဲဆို သူတို့လည်း အသတ်ခံရမှာ ကြောက်လို့နေမှာပေါ့။ နုတ်ထွက်စာကြီးတင်ပြီးတော့ ခိုးကြောင်ခိုးဝှက်နဲ့ တာဝန် ဆက်ထမ်းဆောင်မနေဖို့တော့ လိုတာပေါ့။ ဒီလို ကင်းမဲ့ဇုန်ဖြစ်တာက ဒို့ ရေစကြိုမြို့အတွက်တော့ ဂုဏ်ယူစရာ၊ ၄ ရက်နေ့ကလည်း ဒို့ ရေစကြိုက တက္ကသိုလ်ကျောင်းသားလေး တစ်ဦးကို ခေါင်း ပစ်သတ်လိုက်သေးတယ်လေ။ ဒီလောက်စုတ်ပြတ်နေတဲ့စစ်ကောင်စီကို ဒို့မြေထဲမှာ လက်ခံထားစရာ ဘာအကြောင်းမှ မရှိဘူး” လို့ ပြောပါတယ်။

ရေစကြို PDF အဖွဲ့အနေနဲ့ နုတ်ထွက်သွားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ဆက်လက် လုပ်ကိုင်နေခြင်း ရှိ၊ မရှိ  စောင့်ကြည့်သွားမှာဖြစ်ပြီးတော့ နုတ်ထွက်ခြင်းမရှိသေးတဲ့ အုပ်ချုပ်ရေးမှူးတွေကိုလည်း ချေမှုန်းသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရေစကြိုမြို့ပေါ်မှာ ရပ်ကွက် ၈ ရပ်ကွက်နဲ့ ကျေးရွာ ၈၁ အုပ်စုရှိပြီး အားလုံးနီးပါး နုတ်ထွက်စာ တင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ 

ရေစကြိုမြို့နယ် သာစည်အုပ်စု အုပ်ချုပ်ရေးမှူးကိုလည်း အောက်တိုဘာ ၁ ရက်နေ့က ရေစကြို PDFအဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

2 weeks Ago
Up