အုပ်ချုပ်ရေးမှူး

November 26, 2022

ကျောက်ဖြူမြို့တွင် အုပ်ချုပ်ရေးမှူး ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ နိုဝင်ဘာ ၂၆ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီခန့် ရပ်ကွက် အုပ်ချုပ်ရေးမှူး တယောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၃၈ နှစ်ရှိ သန်ပန်ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်လင်းကို ဒီနေ့ မနက် ၁ နာရီ လောက်မှာ စစ်ကောင်စီတပ်သား ၁၅ ယောက်လောက်က အိမ်စီကား ၂ စီးနဲ့ ဖမ်းခေါ်သွားကြတာ လို့ ကျောက်ဖြူမြို့ ခံတယောက်က ပြောပါတယ်။

ဘာကြောင့်ဖမ်းတယ်ဆိုတာကိုတော့ အတိကျမသိရသေးပေမဲ့ ရက္ခိုင်တပ်တော် အေအေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

လတ်တလော အဲဒီ အုပ်ချုပ်ရေးမှူးကို ကျောက်ဖြူအခြေစိုက် ခမရ ၃၄ တပ်ရင်းကို ပို့ဆောင်ပြီး စစ်ကြောရေး လုပ်နေတယ်လို့  သိရပါတယ်။

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က စက်တင်ဘာ ၇ ရက်ကနေ နိုဝင်ဘာ ၂၆ ရက်နေ့အထိ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့  ပြည်သူ ၄၃ ယောက်ကို ရက္ခိုင့်တပ်တော် အေအေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲ ဖမ်းဆီးကာ ပုဒ်မမျိုးစုံတပ်ပြီး အမှုဖွင့်ထား တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

1 week Ago

November 18, 2022

ခရမ်းမြို့နယ် ရိုးကြီးကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ရိုးကြီးကျေးရွာမှာ နိုဝင်ဘာ ၁၈ ရက် ဒီနေ့မနက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးတယောက်  သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ရိုးကြီးကျေးရွာမှာ ဒီနေ့မနက် ၉ နာရီက ကွမ်းယာဝယ်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို အမည်မသိ အမျိုးသားနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အုပ်ကြီး ကွမ်းဝယ်နေတဲ့အချိန် ဆိုင်ကယ်နဲ့ လာပစ်သွားတာ၊ ၇ ချက်လောက်ရှိတယ်၊ ပွဲချင်းပြီး သေသွားတယ်။”

ပစ်ခတ်ခံရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဌေးဟာ ကြံ့ခိုင်ရေးပါတီဝင်တဦးလည်း ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“သူက အုပ်ချုပ်ရေးမှူးရော ပြည်ခိုင်ဖြိုးပါတီဝင်ရော နေရာနှစ်ခုယူထားတာ။ ၇ ချက်ပစ်တယ်၊ ၄ ချက်ထိပြီး သေတယ်။”

လတ်တလောမှာ စစ်ကောင်စီတပ်တွေဟာ ရိုးကြီးကျေးရွာ နေထိုင်သူတွေကို ပိတ်ဆို့စစ်ဆေး နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရန်ကုန်တိုင်း မြို့နယ်တချို့မှာ နိုဝင်ဘာ ၁ ရက်မှ ၁၈ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ၇ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

2 weeks Ago
More News
Up