အုပ်စုချောင်

December 2, 2017

ကမ္ဘာ့ဖလားပြိုင်ပွဲ မဲခွဲ၊ အသင်းကြီအားလုံး အုပ်စုချောင်

၂၀၁၈ ကမ္ဘာ့ဖလားအုပ်စုအဆင့် မဲခွဲပွဲကို ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပခဲ့ရာ မဲခွဲရလဒ်တွေအရ အသင်းကြီးတွေ အားလုံး အုပ်စုချောင်နေခဲ့ပါတယ်။ အသင်းအားလုံးအတွက်လည်း မျှတတဲ့ မဲခွဲရလဒ်တွေ ဖြစ်ခဲ့ပြီးတော့ အဓိက အသင်းကြီးတွေ အချင်းချင်းတွေ့ဆုံတာ နည်းပါးခဲ့ပါတယ်။ အသင်းကြီးတွေ တွေ့ဆုံတဲ့ အုပ်စုကတော့ အုပ်စု (ခ) ဖြစ်ပြီး ယူရိုလက်ရှိချန်ပီယံ ပေါ်တူဂီ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံ စပိန်တို့ တစ်အုပ်စုတည်းကျရောက်နေကာ ဒီနှစ်မှာမှ ခြေစစ်ပွဲ ပြန်လည်အောင်မြင်လာခဲ့တဲ့ မော်ရိုကို၊ ခြေစွမ်းတက်နေတဲ့ အာရှအသင်း အီရန်တို့နဲ့တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ လက်ရှိချန်ပီယံ ဂျာမနီအသင်းကတော့ အုပ်စု (စ) မှာ မြောက်အမေရိက အသင်းကောင်းတသင်းဖြစ်တဲ့ မက္ကဆီကို၊ ဆွီဒင်၊ တောင်ကိုရီးယားတို့နဲ့ တအုပ်စုတည်း ကျရောက်နေခဲ့ပေမယ့် အုပ်စုချောင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား ၅ ဆုရရှိထားတဲ့ ဘရာဇီးလ်အသင်းကတော့ ဆွစ်ဇာလန်၊ ကော်စတာရီကာ၊ ဆာဘီးယားအသင်းတို့နဲ့ တွေ့ဆုံခဲ့ပြီး နာမည်ကြီး ပြင်သစ်အသင်းဟာလည်း သြစတြေးလျ၊ ပီရူး၊ ဒိန်းမတ်တို့နဲ့ တအုပ်စုတည်း ကျရောက်ခဲ့ပြီး အုပ်စုအောင်မြင်ရေးက လွယ်ကူနေခဲ့ပါတယ်။ အာဂျင်တီးနားအသင်းကတော့ ခြေစွမ်းမာကြောတဲ့ အိုက်စလန်၊ ခရိုအေးရှား၊ နိုင်ဂျီးရီးယားအသင်းတွေနဲ့ ကျရောက်သွားခဲ့လို့ အနည်းငယ်ခက်ခဲသွားမယ့် အခြေအနေရှိပါတယ်။ အိမ်ရှင် ရုရှားအသင်းဟာလည်း အီဂျစ်၊ ဥရုဂွေး၊ ဆော်ဒီအာရေဗျတို့နဲ့ တအုပ်စုတည်းကျရောက်နေပြီး နောက်တဆင့်တက်ရောက်ရေးကတော့ အီဂျစ်အသင်းနဲ့ အဓိကယှဉ်ပြိုင်ရမယ့် အနေအထားဖြစ်ပါတယ်။ နာမည်ကြီးအင်္ဂလန်အသင်းကတော့ ရွှေရောက်မျိုးဆက် ဘယ်လ်ဂျီယံအသင်းနဲ့ တအုပ်စုတည်း ကျရောက်နေခဲ့ပေမယ့် ကျန်အသင်းတွေက တူနီးရှား၊ ပနားမားတို့ ဖြစ်နေလို့ အုပ်စုချောင်ခဲ့ပါတယ်။ အုပ်စုအကြပ်ဆုံးလို့ ပြောရမယ့်အုပ်စုကတော့ ခြေရည်တူအသင်းတွေ ကျရောက်နေတဲ့ (ဇ)ဖြစ်ပြီးတော့ ပိုလန်၊ ဆီနီဂေါ၊ ဂျပန်၊ ကိုလံဘီယာတို့ဟာ နောက်တဆင့်တက်ဖို့ အသည်းအသန်ရုန်းကန်ရမယ့် အခြေအနေဖြစ်ပါတယ်။
3 years Ago
Up