၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပါတီ အန်အယ်လ်ဒီ အစိုးရဖွဲ့ရင် အုပ်ချုပ်ရေးကိစ္စတွေမှာ နိုင်နိုင်နင်းနင်း ဆောင်ရွက်သွားနိုင်မယ့် အနေအထား ရှိပါတယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။
သူရဦးရွှေမန်းက အန်အယ်လ်ဒီပါတီက အနိုင်ရပါတီဖြစ်တဲ့အတွက် သူတို့အစိုးရဖွဲ့မယ်၊ နိုင်ငံသားတွေ ကောင်းကျိုးချမ်းသာဖြစ်စေမယ့် မူဝါဒတွေ ချမှတ်ပါလိမ့်မယ်၊ အန်အယ်လ်ဒီမှာ အုပ်ချုပ်ရေး အတွေ့အကြုံတွေ မရှိပေမယ့် တခြားပါတီတွေ၊ တခြား နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ အယူအဆ ရှိတယ်ဆိုရင် ပိုပြီး လုပ်ငန်းတွေ အဆင်ပြေသွားနိုင်တယ်လို့ ဆင်ဟွာသတင်းဌာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားခဲ့တာပါ။
ဒါ့အပြင် အန်အယ်လ်ဒီအစိုးရ တက်လာပါက မျှပြီးတော့ အားလုံးနဲ့အတူ ပူးပေါင်းလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ လုပ်မယ်၊ အန်အယ်လ်ဒီကတော့ ဦးဆောင်မယ်လို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေနဲ့ မေးမြန်းမှု အစီအစဉ်မှာ ဖွဲ့မယ့်အစိုးရထဲ အန်အယ်လ်ဒီပါတီဝင်မဟုတ်တဲ့ တခြား တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တတ်သိပညာရှင်တွေလည်း ပါဝင်မှာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
ဒီလိုပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ခံ အမတ်တွေဟာ ခေါင်းဆောင်တွေ မဟုတ်ဘဲ ပြည်သူကို အလုပ်အကျွေးပြုရမယ့်သူတွေသာ ဖြစ်ကြောင်း၊ အာဏာပြချင်တဲ့ ပုဂ္ဂိုလ်တွေကိုတော့ အန်အယ်လ်ဒီက ဘယ်တော့မှ ဝန်ကြီးနေရာပေးမှာ မဟုတ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက နေရာအများဆုံး အနိုင်ရပြီး နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသေးတယ်။
7 years Ago