အုန်းဖျန်

September 29, 2021

တောင်ပေါ်ကရင်တိုင်းရင်းသားများက အုန်းဖျန်ရေဘေး လာရောက်ကူညီလုပ်အားပေး

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ အုန်းဖျန်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရေကြီးရေလျှံပြီး အိမ်ခြေအတော်များများ ရေလွှမ်းမှုခံခဲ့ရပါတယ်။

စက်တင်ဘာ ၂၈ ရက်မှာ ရေတွေကျသွားခဲ့ပေမယ့် ရွှံ့နွံနဲ့ အပျက်အစီးတွေ ကျန်ခဲ့တာကြောင့် ပြန်လည်ထူထောင်ရေး အကြီးအကျယ်လုပ်ဆောင်နေရာမှာ မနေ့က ကရင်တိုင်းရင်းသား အယောက် ၂၀၀ ကျော် တောင်ပေါ်ကနေ ဆင်းလာပြီး စေတနာ့ဝန်ထမ်း လာရောက်ကူညီ သန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့တာကြောင့် ထိုင်းလူမှုကွန်ရက်မှာ ချီးကျူးအားပေးနေကြပါတယ်။

အဆိုပါကရင်တိုင်းရင်းသားတွေဟာ အုန်းဖျန်မြို့နယ် နောင်လုံကျေးရွာအုပ်စုကဖြစ်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး  နိုင်းကျဒူးရုန်း ဥထိုင်းဟိရန်ထဝီ ဦးဆောင်ကာ ရေဘေးသင့်ခဲ့တဲ့ အုန်းဖျန်မြို့ မြူနီစီပါယ်ဧရိယာထဲမှာရော၊ မဲ့ကလောင်းကျေးရွာအုပ်စုထဲမှာပါ ရွှံ့နွံများရှင်းလင်းတာ၊ ပစ္စည်းတွေ ရွှေ့ပြောင်းနေရာချထားပေးတာတွေ  ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။ 

ဒါ့အပြင် မယ့်ကျန်းမြူနီစီပါယ်ကလည်း မီးသတ်ကားက ရေတွေနဲ့ လာရောက်ပက်ဖျန်း ဆေးကြောပေးခဲ့ကြပါတယ်။ အုန်းဖျံမြို့မှာ ဒီတခေါက်ရေကြီးတာ နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံးဖြစ်တာကြောင့် နဂိုအတိုင်း ပုံမှန်ပြန်ဖြစ်ဖို့ ရက်အတော်ကြာ အချိန်ယူရှင်းလင်း ပြုပြင်ရမယ်လို့ မြို့နယ်တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ နဲ့ ၂၇ ရက်တွေက မိုးသည်းထန် ရေကြီးရေလျှံမှုကြောင့် မြို့နယ်ထဲမှာ လူပေါင်း ၂၀၀ ကျော် ရေထဲပိတ်မိခဲ့ပြီး ကားအစီးရေ ၁၀၀ ကျော် တောင်ပေါ်လမ်းမှာ ပိတ်မိခဲ့ပါတယ်။

တောင်ကျချောင်းရေကြောင့် တံတားကျိုးတာတွေ၊ မြေပြိုမှုကြောင့် လမ်းပိတ်တာ၊ သစ်ပင်ကြီးတွေ ကျိုးကျတာတွေ ရှိခဲ့ပါတယ်။

3 weeks Ago
Up