အုတ်နံရံကြား

July 25, 2019

အုတ်နံရံကြား ညပ်နေသည့် ကလေးငယ်ကို အချိန်မီ ကယ်တင်(ရုပ်သံ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ်မှာ ကျဉ်းမြောင်းတဲ့ အုတ်နံရံနှစ်ခုကြားထဲမှာ ညပ်နေတဲ့ ကလေးတယောက်ကို မီးသတ်တပ်ဖွဲ့ဝင်တွေက အချိန်မီ ကယ်ထုတ်ပေးခဲ့ရပါတယ်။ ဇူလိုင် ၂၁ ရက်က ကလေးဟာ ဆော့နေရင်းနဲ့ မတော်တဆ နံရံကြားထဲ ညပ်သွားတယ်လို့ ကလေးမိဘတွေက မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားလာခဲ့တာပါ။ မီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်သွားချိန်မှာတော့ ၂၀ စင်တီမီတာလောက်သာ အကျယ်ရှိတဲ့ အုတ်နံရံနှစ်ခုကြားထဲမှာ ညပ်နေတဲ့ အဲဒီကလေးကို တွေ့ခဲ့ရပါတယ်။ ကလေးဟာ မိုးရွာထဲမှာ အချိန်တော်တော်ကြာ ပိတ်မိနေတာကြောင့် စိုးရိမ်ကြောက်လန့် နေပါတယ်။ မီးသတ်ဝန်ထမ်းတွေဟာ နှစ်ဖွဲ့ခွဲလိုက်ပြီး တဖွဲ့က ကလေးကို စိတ်တည်ငြိမ်အောင် ကြိုးစားနေချိန်မှာ ကျန်တဲ့တစ်ဖွဲ့က ကလေးကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ကလေးကို ကယ်ထုတ်နိုင်ခဲ့ပြီး စုစုပေါင်း ကယ်ဆယ်ချိန် မိနစ် ၂၀ လောက်ကြာခဲ့ပါတယ်။ ကလေးဟာ ကြီးကြီးမားမား ထိခိုက်မှု မရှိဘူးလို့ ဆေးဘက်ဆိုင်ရာ အဖွဲ့က ပြောပါတယ်။
2 years Ago
Up