အုတ်တွင်းမြို့နယ်တွင် ဖခင်ဖြစ်သူက တုတ်ဖြင့်ရိုက်သဖြင့် သမီးဖြစ်သူ သေဆုံး

April 17, 2019

အုတ်တွင်းမြို့နယ်တွင် ဖခင်ဖြစ်သူက တုတ်ဖြင့်ရိုက်သဖြင့် သမီးဖြစ်သူ သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်​မှာ  ဧပြီ ၁၄ ရက် သင်္ကြန်အကျ​နေ့ ညနေပိုင်းက ဖခင်ဖြစ်သူက တုတ်နဲ့ ရိုက်ခဲ့တာကြောင့် သမီးဖြစ်သူ သေဆုံးမှု ဖြစ်​ပွားခဲ့လို့  အုတ်တွင်းမြို့မ ရဲစခန်းမှာ ဖခင်ဖြစ်သူကို အမှုဖွင့် အရေးယူထားပါတယ်။ အုတ်တွင်းမြို့နယ်၊ သရက်ချဉ်ရွာ​မှာ​နေတဲ့ အသက် ၁၅ နှစ် အရွယ် မအိအိခိုင်ဟာ နွားတင်းကုတ်မှာ တံမြက်စည်းလှည်းနေချိန်​ ဖခင်​ဖြစ်သူ ကိုထွန်းနိုင် က အပြင်က ပြန်ရောက်လာပြီး သမီးဖြစ်သူကို ဆဲဆိုကြိမ်း​မောင်းကာ အနီးရှိ တုတ်နဲ့ ရိုက်ခဲ့တာလို့ နယ်မြေ ရဲစခန်းက သိရပါတယ်။   သမီးဖြစ်​သူ မအိအိခိုင်ဟာ ညာဘက်ဂျိုစောင်းမှာ ဒဏ်ရာ ၁ ချက် ရရှိ​ပြီး မေ့​မျောသွားတဲ့ အတွက် တောင်ငူပြည်သူ့ဆေးရုံကို ပို့ဆာင်ကုသခဲ့ရပါတယ်။ ဒဏ်ရာ မသက်​သာတာ​ကြောင့် ဧပြီလ ၁၅ ရက်​​ သင်္ကြန်​အကြတ်​နေ့ မနက်​ပိုင်းမှာ နေပြည်​​တော်​ကုတင်​ ၁၀၀၀ ဆေးရုံကို လွှဲ​​ပြောင်း ပို့ဆောင်​​နေတုန်း ​သေဆုံးသွားခဲ့တာ ဖြစ်​ပါတယ်​။ ဒါကြောင့် အသက် ၃၃ နှစ် အရွယ် ဖခင်ဖြစ်တဲ့ ကိုထွန်းနိုင်ကို အမှုဖွင့် အ​ရေးယူပေးဖို့ မိခင်ဖြစ်တဲ့ မမိုးဝင်း က တရားလိုလုပ်ပြီး အမှုဖွင့် တိုင်တန်းခဲ့တာကြောင့် အုတ်တွင်းမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၉၄၊ ၃၂၅ အရ အမှုဖွင့် အ​ရေးယူထားရာက​နေ လူ​သေဆုံးသွားခဲ့လို့ ရာဇသတ်​ကြီးပုဒ်​မ- ၃၀၂ နဲ့ ပြောင်းလဲ အမှုဖွင့် အ​ရေးယူထားပါတယ်​။ သတင်း - သားကြီး(​တောင်​ငူ)
3 years Ago
Up