လတ်တလော ကမ္ဘာမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲနေတဲ့ အီးမေးလ်စာပို့စနစ်ကို ပထမဆုံး တီထွင်ခဲ့သူ အမေရိကန် နည်းပညာရှင်ဟာ ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့က အမေရိကန်ပြည်ထောင်စုမှာ ကွယ်လွန်သွားပါတယ်။
ရေး တွန်လင်ဆန် (Ray Tomlinson) ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၅ နှစ်ရှိပြီဖြစ်ပြီး အင်တာနက်ကွန်ရက် တခုကနေ တခြားတခုကို ပေးပို့နိုင်တဲ့ အီလက်ထရောနစ် စာပို့စနစ်ကို ၁၉၇၁ ခုနှစ်က တီထွင်ခဲ့ပါတယ်။
အီးမေးလ်စာပို့စနစ်ကို တခြားနည်းပညာတွေနဲ့ ကွဲကွဲပြားပြားဖြစ်အောင် အီးမေးလ်လိပ်စာတိုင်းမှာ ပါရတဲ့ @ ဆိုတဲ့ စာလုံးလေးကိုလည်း ရေး တွန်လင်ဆန်ကပဲ ပထမဆုံး အသုံးပြုခဲ့တာပါ။
လွန်ခဲ့တဲ့ ၄၅ နှစ်က အမေရိကန်ပြည်ထောင်စု ဘော့စတွန်မြို့က နည်းပညာသုတေသန ကုမ္ပဏီတခုမှာ အင်ဂျင်နီယာတဦးအဖြစ် လုပ်ကိုင်ရင်း ပထမဆုံး အီးမေးလ်ကို ရေးသားပေးပို့ခဲ့တာပါ။
အစပိုင်းမှာတော့ လူတယောက်ကနေ တယောက်ကို ပေးပို့ခဲ့တာ အခုလောက် သိပ်မတွင်ကျယ်ခဲ့သလို အီးမေးလ်ပို့တဲ့အချိန်မှာ နှစ်ဘက်လုံးက Online ဖြစ်နေရတာပါ။
နောက်ပိုင်း အင်တာနက်ကွန်ရက်စနစ်ပါ ဖွံ့ဖြိုးလာပြီး ၁၉၉၃ လောက်မှာ လူတွေအချင်းချင်း စာရေးသားပေးပို့တဲ့ စနစ်လည်း လုံးဝပြောင်းလဲသွားခဲ့ပါတယ်။
ရေး တွန်လင်ဆန်ဟာ သူ့ရဲ့ နည်းပညာစွမ်းဆောင်မှုအတွက် ၂၀၁၂ ခုနှစ်မှာ တသက်တာ အင်တာနက်ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံခဲ့ရပါတယ်။
တရားဝင် အသေးစိတ် ထုတ်ပြန်တာတော့ မရှိသေးပေမယ့် နှလုံးရောဂါနဲ့ ကွယ်လွန်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပြီး မကွယ်လွန်ခင် မက်ဆာချူးဆက်ပြည်နယ် လင်ကွန်းမြို့မှာ နေထိုင်ခဲ့ပါတယ်။
5 years Ago