အီးယူအဖွဲ့ဝင်မဟုတ်သော်လည်း ပြောင်းရွှေ့လာသူများကို လက်ခံရန်အသင့်ဟု ဆားဘီးယားပြော

January 22, 2018

အီးယူအဖွဲ့ဝင်မဟုတ်သော်လည်း ပြောင်းရွှေ့လာသူများကို လက်ခံရန်အသင့်ဟု ဆားဘီးယားပြော

ဆားဘီးယားနိုင်ငံဟာ အီးယူအဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမယ့် အီးယူခွဲတမ်းအရ ပြောင်းရွှေ့လာသူတွေကို လက်ခံဖို့ အဆင်သင့်ပဲလို့ ပြောကြားလိုက်ပါတယ်။ ဟန်ဂေရီ၊ ပိုလန်၊ ချက်သမ္မတနိုင်ငံနဲ့ ဆလိုဗက်ကီးယား နိုင်ငံတွေကတော့ ပြောင်းရွှေ့လာသူများ လက်ခံရေး အီးယူခွဲတမ်းကို ဆက်လက်ငြင်းဆန်နေပါတယ်။ ဟန်ဂေရီနိုင်ငံဟာ ဆားဘီးယားနယ်စပ်မှာ ၁၅၅ ကီလိုမီတာရှည်တဲ့ ခြံစည်းရိုးကို ကာရံပြီး ဆားဘီးယားကနေ တရားမဝင် ပြောင်းရွှေ့လာသူတွေ မဝင်ရောက်နိုင်အောင် တားဆီးနေပါတယ်။ အာဖဂန်နစ္စတန်မှ ပြောင်းရွှေ့လာသူတဦးက “ကျနော် ဒီမှာနေဖို့ ဆုံးဖြတ်ပြီးပါပြီ။ ဒီနိုင်ငံက နိုင်ငံရော၊ အစိုးရရော၊ ဥပဒေရော ပြည်သူတွေပါ ကောင်းကြပါတယ်။ ဒီနိုင်ငံမှာ အစစအရာရာ ပြည့်စုံပါတယ်” လို့ ပြောပါတယ်။ ဆားဘီးယားနိုင်ငံမှာ လက်ရှိ ပြောင်းရွှေ့နေထိုင်သူ ၄,၀၀၀ ရှိတယ်လို့ ဆားဘီးယား ပြည်တွင်းရေးရာဝန်ကြီးက ပြောပါတယ်။ ဆားဘီးယားလွှတ်တော်အမတ်တဦးက “ဆားဘီးယားဟာ အီးယူအတွက် ခိုလှုံခွင့်တောင်းသူများစခန်း အနေနဲ့ လုပ်ပေးနေရတယ်။ အီးယူရဲ့ အိုင်ဒီယာတခုက အီးယူက လက်မခံချင်တဲ့ ပိုလျှံ ပြောင်းရွှေ့လာသူတွေကို ဒီ ဆားဘီးယားမှာ တသက်လုံး အခြေချသင့်တယ်ဆိုတဲ့ အယူအဆပဲ” လို့ ပြောခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up