အီးယူကူညီမည်

November 22, 2021

စစ်ဘေးရှောင် မြန်မာပြည်သူများအတွက် အီးယူက ယူရိုငွေ ၃ သိန်း ကူညီမည်

မြန်မာနိုင်ငံထဲက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထိခိုက်နေတဲ့ ပြည်သူတွေအတွက် ဥရောပသမဂ္ဂ (အီးယူ)  နောက်ထပ် ရန်ပုံငွေ ယူရို ၃ သိန်း (မြန်မာငွေ ကျပ်သိန်း ၆၀၀၀ ကျော်) ခွဲဝေချထားပါတယ်။

လတ်တလောကာလမှာ ပိုပြီး ပြင်းထန်လာတဲ့ ပဋိပက္ခ ဘေးဒုက္ခတွေကို အဆိုးရွားဆုံး ထိခိုက်ခံစားနေရတဲ့ ပြည်နယ်တချို့က လူဦးရေပေါင်း ၁၅၀၀၀ ကျော်အတွက် ဒါက အထောက်အကူဖြစ်စေမယ်လို့ ဥရောပသမဂ္ဂက ဒီနေ့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံက ပဋိပက္ခတွေကို တုံ့ပြန်ဆောင်ရွက်တဲ့အနေနဲ့ ဒီနှစ်အစောပိုင်းမှာပဲ ဥရောပသမဂ္ဂဟာ ယူရို ၂၄ သန်း (မြန်မာငွေ ကျပ်သိန်းပေါင်း ၅ သိန်းလောက်)ကို ခွဲဝေချထားခဲ့ပြီး ဖြစ်ပါတယ်။

ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုအကူအညီပရိုဂရမ်တွေကို မြန်မာနိုင်ငံမှာ စီမံကြီးကြပ်သူ လုခ်ဗာနာက “ပိုပြီး အရှိန်အဟုန်ပြင်းထန်လာတဲ့ စစ်ပွဲတွေဟာ ဟိုးအရင်ကတည်းက ဆိုးရွားလွန်းနေတဲ့ လူသားချင်းစာနာထောက်ထားမှုအခြေအနေတွေကို ပိုပြီး ဆိုးရွားစေတာကြောင့် မပြီးပြတ်သေးတဲ့ ပြည်တွင်း ပဋိပက္ခဒဏ်တွေကို ကာလရှည်ကြာထိခိုက်ခံစားနေရတဲ့ ပြည်သူလူထုအတွက် တပူပေါ် နှစ်ပူဆင့်စေပါတယ်” လို့ ပြောပါတယ်။

ဒီရန်ပုံငွေဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူတွေနဲ့ နေရပ်ပြန်သူတွေ အပါအဝင် ဘေးဒဏ်သင့်ပြည်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အကူအညီတွေပေးဖို့ ပံ့ပိုးမယ်လို့ ထုတ်ပြန်ပါတယ်။

အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ၊ အခြေခံရှေးဦးသူနာပြုပစ္စည်းတွေအပြင် သန့်ရှင်းတဲ့ရေနဲ့ မိလ္လာအဆောက်အအုံတွေ သုံးခွင့်ရရေးအတွက် အဓိက ပံ့ပိုးမယ်လို့လည်း ဆိုပါတယ်။

ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက်လည်း သုံးစွဲမှာဖြစ်ပြီး သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေ၊ ကလေးငယ်တွေနဲ့ အမျိုးသမီးဦးဆောင်တဲ့ အိမ်ထောင်စုတွေကို အလေးပေးကူညီမှာဖြစ်ပါတယ်။

2 months Ago
Up