အီးယူ

December 4, 2022

ရုရှားရေနံစိမ်း တစည်ကို ဒေါ်လာ ၆၀ နှုန်းသတ်မှတ်ရန် အီးယူ သဘောတူ

ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံတွေဟာ ရုရှားပင်လယ်ထွက် ရေနံစိမ်း ဈေးနှုန်းကို တစ်စည်လျှင် ဒေါ်လာ ၆၀ နှုန်း သတ်မှတ်ဖို့ ဒီဇင်ဘာ ၂ ရက်မှာ သဘောတူခဲ့ကြပါတယ်။ 

ဒီဆုံးဖြတ်ချက်ကို စာနဲ့ရေးသား ဖော်ပြရတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း တရားဝင် အတည်ပြုရမှာပါ။ ချက်သမ္မတနိုင်ငံမှာ အီးယူအစုအဖွဲ့ရဲ့ ညှိနှိုင်းမှုပြီးတဲ့နောက် သဘောတူညီချက် အသေးစိတ်ကို ထုတ်ပြန်သွားမယ်လို့ အီးယူဥက္ကဋ္ဌက တွစ်တာမှာ ပြောထားတာပါ။ 

ဒီဇင်ဘာ ၅ ရက်မှာ စတင်အသက်ဝင်မယ့် စျေးနှုန်းကန့်သတ်ချက်အောက်မှာ ရေနံတစ်စည်ကို အမေရိကန်ဒေါ်လာ ၆၀ ကျော်နဲ့ ရောင်းချရင် ရုရှားရေနံတင်ပို့မှုအတွက် အာမခံ၊ ဘဏ္ဍာရေးနဲ့ တခြားဝန်ဆောင်မှုတွေကို ပိတ်ပင်သွားမှာဖြစ်ပါတယ်။ 

G7 နိုင်ငံများအုပ်စုရဲ့ ဘဏ္ဍာရေးဝန်ကြီးတွေဟာ ရုရှားရေနံအပေါ် စျေးနှုန်းသတ်မှတ်ဖို့ စက်တင်ဘာလက သဘောတူခဲ့ကြပါတယ်။

အီးယူရဲ့ အဆိုပြုချက်ကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါး နိုဗက်ခ်က ရုရှားရေနံအပေါ် ဈေးနှုန်းကန့်သတ်မှုဟာ ဒီဇင်ဘာလမှာ ရုရှားရဲ့ရေနံထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘဲ ရုရှားရေနံဟာ ကမ္ဘာ့ဈေးကွက်မှာ ဝယ်လိုအား ရှိနေတယ်လို့ ပြောသွားတဲ့အကြောင်း Interfax သတင်းဌာနက ဒီဇင်ဘာ ၂ ရက်မှာ  ဖော်ပြပါတယ်။ 

ရုရှားဟာ သူ့ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေကို စျေးနှုန်းသတ်မှတ်ထားတဲ့ နိုင်ငံတွေဆီ ပေးပို့မှာ မဟုတ်ဘူးလို့လည်း အကြိမ်ကြိမ် ပြောထားဖူးပါတယ်။

2 days Ago

November 16, 2022

ယူကရိန်းကို လက်နက်ထောက်ပံ့ရေး အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်သင့်ဟု အီးယူသံတမန် ပြော

ယူကရိန်းနိုင်ငံဆီ လက်နက်တွေ ဆက်လက်ပေးပို့နေချိန်အတွင်း စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ဖြည့်တင်းရာမှာ အချင်းချင်း ပြိုင်ဆိုင်တာတွေ ရှောင်ဖို့ ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံတွေ အတူပူးပေါင်းဆောင်ရွက်သင့်တယ်လို့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး အပြီး နိုဝင်ဘာ ၁၅ ရက်မှာ အီးယူရဲ့ ထိပ်တန်းသံတမန်တယောက်က ပြောလိုက်ပါတယ်။

အီးယူပြင်ပကနေ လက်နက်တင်သွင်းတာတွေ၊ တနိုင်ငံချင်း သဘောတူညီချက် ယူတာတွေကြောင့် စျေးနှုန်းတက်စေမယ့်အစား လက်နက်ဝယ်ယူရာမှာ အင်အားစုတွေ ပူးပေါင်းပါဝင်ဖို့ ဥရောပသမဂ္ဂက အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းနေတာ ကြာပါပြီ။ ဒါပေမဲ့ နိုင်ငံတွေက အကြံဉာဏ်ကို လိုက်နာဖို့ တွန့်ဆုတ်နေကြပါတယ်။

အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ စုစုပေါင်း စစ်ရေးဘတ်ဂျက် ယူရို ၇၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၂ ဘီလီယံ) အထိ တိုးမြှင့်ဖို့ စီစဉ်ထားပေမဲ့ စီမံကိန်း ပူးပေါင်းဆောင်ရွက်မှု အားနည်းတာနဲ့ အစုအဖွဲ့ပြင်ပကနေ ဝယ်ယူမှုတွေကြောင့် စည်းလုံးညီညွတ်တဲ့ တပ်ဖွဲ့များ ဖန်တီးရေး ကြိုးပမ်းချက်တွေကို ထိခိုက်စေနိုင်တယ်လို့ ဥရောပကာကွယ်ရေးအေဂျင်စီ (EDA) ရဲ့ ဝန်ကြီးတွေအတွက် နှစ်စဉ်သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။

ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းနိုင်ငံဆီ စုစုပေါင်း ယူရို ၈ ဘီလီယံထက် မနည်း တန်ဖိုးရှိတဲ့ လက်နက်နဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို ပေးအပ်ခဲ့တယ်လို့ အီးယူရဲ့ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက် ဘော်ရဲယ်က နိုဝင်ဘာ ၁၄ ရက်မှာ ပြောခဲ့ပါတယ်။

ဝန်ကြီးတွေဟာ ဥရောပတဝန်းက တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ အမြန်ရွှေ့ပြောင်းမှုကို လွယ်ကူချောမွေ့စေဖို့ ရည်ရွယ်တဲ့ အီးယူရဲ့စီမံကိန်းထဲမှာ  ဗြိတိန်ပါဝင်ဖို့ လမ်းခင်းပေးခဲ့ပါတယ်။

3 weeks Ago
More News
Up