အီးစီးဂျက်

March 27, 2018

လေယာဉ်အရေးပေါ် ဆင်းသက်၍ ရိုင်းစိုင်းစွာ ပြောဆိုခဲ့သည့် အမျိုးသမီးများကို နှင်ချ (ရုပ်သံ)

အီးစီးဂျက်လေယာဉ်ပေါ်မှာ သူမကို မကောင်းတဲ့အမျိုးသမီး ဖြစ်စေချင်တာလားလို့ ဝန်ထမ်းတဦးကို အော်ဟစ်မေးမြန်းပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့တဲ့ အမျိုးသမီးတွေကို လေယာဉ်ပေါ်က ဆင်းခိုင်းခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ကနေ ဆိုက်ပရပ်စ်နိုင်ငံ ပေဖော့စ်မြို့ကို ပျံသန်းတဲ့ လေယာဉ်ပေါ်မှာ အမျိုးသမီး ၄ ဦးထဲက အသက် ၂၃ နှစ်အရွယ် အမျိုးသမီးက လေယာဉ်မောင်တဦးကို ရိုင်းရိုင်းပျပျ အော်ဟစ်ခဲ့တာပါ။ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတဲ့ အမျိုးသမီးလေးဦးအား ဆင်းခိုင်းဖို့ လေယာဉ်မှူးဟာ ဂရိနိုင်ငံ အေသင်မြို့မှာ လေယာဉ်ကို အရေးပေါ်ဆင်းသက်ခဲ့တယ်လို့ မန်ချက်စတာအီးဗနင်းနယူးစ်က ထုတ်ပြန်ခဲ့ပါတယ်။ သူမတို့ကို တယ်လီဖုန်းနဲ့ ရုပ်သံရိုက်သူကိုလည်း “ငါ့မျက်နှာကို ရိုက်နေတဲ့ နင့်ဖုန်းကို ဖယ်လိုက်စမ်း” လို့ အော်ဟစ်ခဲ့ပါတယ်။ နောက်ဆုံး သူမက လေယာဉ်ပေါ်က ဆင်းခိုင်းရင် အဓမ္မ ပြုကျင့်ခံရမှာ ကြောက်တယ်လို့ ငိုယိုပြီး “ကျမကြောက်တယ်၊ ကျေးဇူးပြုပြီး ကျမကို အိမ်ခေါ်သွားပါ၊ အားလပ်ရက်ခရီးလည်း မသွားချင်တော့ဘူး” လို့ ပြောခဲ့ပါတယ်။ အေသင်မြို့မှာ သူမတို့လေးဦးကို လေယာဉ်ပေါ်က ဆင်းခိုင်းချိန် ကျန်ခရီးသည်တွေက သြဘာပေးခဲ့ကြသလို သူတို့ကို ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ အီးစီးဂျက်လေကြောင်းလိုင်းက “မန်ချက်စတာကနေ ပေဖော့စ်မြို့ကို သွားတဲ့ အီးဇက်ဝိုင် ၁၉၇၅ လေယာဉ်ဟာ မတ်လ ၂၃ ရက်နေ့မှာ အေသင်မြို့ကို လမ်းကြောင်းလွှဲပျံသန်းခဲ့ရပြီး လေယာဉ်ဆိုက်ရောက်ချိန် ရဲတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အပြုအမူကြောင့် ခရီးသည်လေးဦးကို ဆင်းခိုင်းခဲ့ရပြီးတဲ့နောက် ပေဖော့စ်မြို့ကို ဆက်ပျံသန်းခဲ့တယ်” လို့ မေးလ်အွန်လိုင်းသတင်းကို အတည်ပြု ပြောခဲ့ပါတယ်။ “ဒီလိုအဖြစ်မျိုးက ဖြစ်ခဲ့ပြီး လေယာဉ်ပေါ်မှာ ခြိမ်းခြောက် နှောင့်ယှက်တဲ့ အပြုအမူကို လုံးဝသည်းမခံဘဲ တရားစွဲဆိုဖို့ အမြဲဆင်းခိုင်းပါတယ်။ ကျနော်တို့ရဲ့ ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေရဲ့ ကျန်းမာ လုံခြုံရေးက ကျနော်တို့ရဲ့ ဦးစားပေးအလုပ်ပါ” လို့ အီးစီးဂျက်လေကြောင်းလိုင်းက ပြောကြောင်း သည်ဆန်းသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
3 years Ago
Up