အီသီယိုးပီးယားလွှတ်တော် အတည်ပြု

March 3, 2018

အရေးပေါ်အခြေနေ ကြေညာချက် အီသီယိုးပီးယားလွှတ်တော် အတည်ပြု

ဝန်ကြီးချုပ်က ရာထူးကနုတ်ထွက်ကြောင်း ကြေညာလိုက်တဲ့အတွက် အီသီယိုးပီးယားလွှတ်တော်က အရေးပေါ်အခြေအနေ ကြေညာချက်ကို မတ်လ ၂ ရက်နေ့က အတည်ပြုလိုက်ပါတယ်။ အီသီယိုပီးယားနိုင်ငံ ၀န်ကြီးချုပ် ဟာလီမေရီယန် ဒက်ဆေလင်က ရာထူးက နုတ်ထွက်တဲ့အကြောင်း ကြေညာပြီး နောက်တစ်နေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ အရေးပေါ်အခြေအနေကြေညာဖို့ လွှတ်တော်မှာ အဆိုပြုခဲ့ပြီး မတ်လ ၂ ရက်မှာမှ အတည်ပြုခဲ့တာပါ။ အရေးပေါ်အုပ်ချုပ်ရေးကြေညာချက်ဟာ ဆန္ဒပြမှုတွေကို တားမြစ်ပြီး အကြမ်းဖက်မှုတွေကို လှုံ့ဆော်နိုင်တဲ့ ပုံနှိပ်ထုတ်ဝေခွင့်ကိုလည်း တင်းကျပ်ပိုင်ခွင့်ရှိနေပါတယ်။ “လမ်းတွေပိတ်နေလို့ ဈေးတောင်ထွက်မ၀ယ်နိုင်တဲ့ အခြေအနေမျိုးကို ကျနော်တိုရောက် နေပါတယ်။ နေ့စဉ်ဘ၀မှာ အေးအေးချမ်းချမ်းနေဖို့လည်း မဖြစ်နိုင်တာကို ကျနော်တို့ မမေ့ဖို့လိုပါ တယ်” လို့  ရှေ့နေချုပ်က ပြောခဲ့တာပါ။ “အခုလို ကြေညာချက်က စစ်တပ်အရာရှိတွေကို အကြွင်းမဲ့ အာဏာပေးလိုက်တာပါ။ သူတို့ရဲ့အလုပ်ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးအပြင် တခြားနေရာတွေကိုပါ ၀င်ရောက်စွက်ဖက် နိုင်တဲ့ အာဏာကို စစ်တပ်ကို ပေးလိုက်တာပါ။ အခုဆို သူတို့က အုပ်ချုပ်ရေးကဏ္ဍတွေမှာပါ ၀င်ရောက်စွက်ဖက်နိုင်ပါတယ်။ မြေပိုင်နက် ကျူးကျော်မှုရှိလာရင်တောင် ဒါကို ဖြေရှင်းဖို့ သင့်လျှော်တဲ့ အစီအစဉ်က ရှိပြီးသားပါ”  လို့ လွှတ်တော်အမတ်တဦးက ပြောပါတယ်။ မြို့တော်က ဒေသခံတွေကြားမှာတော့ အရေးပေါ် အခြေအနေ ထုတ်ပြန်မှုအပေါ် တုံ့ပြန်ပုံ မတူကြပါဘူး။ တချို့က ဒီထုတ်ပြန်ချက်ဟာ တိုင်းပြည်အတွက် အသုံးမဝင်ဘူး၊ မလိုအပ်ဘူး၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကန့်သတ်မှာ စိုးရိမ်တယ်လို့ ပြောပေမယ့် တချို့ကတော့ အခု ထုတ်ပြန်တာဟာ တရားမဝင် လှုပ်ရှားမှုတွေကို ဖြေရှင်းနိုင်မှာမို့ ပျော်တယ်၊ ထုတ်ပြန်တာ နောက်ကျနေတယ်လို့ ပြောခဲ့ကြပါတယ်။ အီသီယိုးပီးယားဟာ အရှေ့အာဖရိကမှာ အကြီးဆုံးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးနိုင်ငံပါ။ အိုင်အက်စ်တွေကို တိုက်ခိုက်ရာမှာ အနောက်တိုင်းရဲ့ မဟာမိတ်နိုင်ငံလည်းဖြစ်ပေမယ့် နိုင်ငံရေးသမားတွေနဲ့ သတင်းထောက်တွေကို ကာလရှည် ဖမ်းဆီးမှုတွေကြောင့် လက်ရှိအစိုးရကို လူအခွင့်အရေး အဖွဲ့အစည်းတွေက ဝေဖန်နေပါတယ်။ အီသီယိုးပီးယားမှာ လက်ရှိအာဏာရပါတီဟာ ဒေသခံပါတီလေးခုနဲ့ ညွှန့်ပေါင်းလုပ်ထား တာကြောင့် လွှတ်တော်နေရာ ၄၅၇ နေရာလုံးကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
3 years Ago
Up