အီသီယိုးပီးယား

March 14, 2019

ပျက်ကျခဲ့သည့် ဘိုးရင်းလေယာဉ်အမျိုးအစား ပြေးဆွဲခြင်း ရပ်နားသည့်နိုင်ငံ ၅၀ ရှိ

အီသီးယိုးပီးယားနိုင်ငံထဲမှာ ဘိုးရင်းလေယာဉ် ပျက်ကျပြီးနောက် Boeing 737 Max 8 လေယာဉ်အမျိုးအစား ပြေးဆွဲတာကို ရပ်လိုက်ကြတဲ့ နိုင်ငံအရေအတွက်ဟာ မတ်လ ၁၄ ရက်နေ့မှာ နိုင်ငံ ၅၀ ပြည့်သွားပြီလို့ စီအန်အန်သတင်းဌာနက ကြေညာပါတယ်။ အဲဒီ ဘိုးရင်းလေယာဉ် အမျိုးအစားဟာ ငါးလကျော်ကာလအတွင်း နှစ်ကြိမ် ပျက်ကျခဲ့တာပါ။ အီသီးယိုးပီးယားမြို့တော် အက်ဒီဆာ ဘာဘာ ကနေ ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီကို ပျံသန်းမယ့် Boeing 737 Max 8 လေယာဉ်ဟာ မတ်လ ၁၀ ရက်နေ့မှာ လေဆိပ်က စပျံသန်းပြီး မကြာခင် ပျက်ကျခဲ့လို့ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၅၇ ဦးစလုံး သေဆုံးခဲ့ပါတယ်။ ၂၀၁၈ အောက်တိုဘာလကလည်း လိုင်းယွန်းလေကြောင်းလိုင်းရဲ့ အဲဒီ ဘိုရင်းအမျိုးအစား လေယာဉ်တစီးဟာ အင်ဒိုနီးရှား ကမ်းလွန်ပင်လယ်ပြင်မှာ ပျက်ကျခဲ့ပြီး လိုက်ပါလာသူ ၁၈၉ ဦးစလုံး သေဆုံးခဲ့ပါတယ်။ ဒါ့ကြောင့် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနဲ့ တရုတ် အပါအဝင် နိုင်ငံ ၅၀ က Boeing 737 Max 8 လေယာဉ်အမျိုးအစားကို ပြေးဆွဲတာ ရပ်လိုက်ကြတာပါ။ လူတွေ စိုးရိမ်ကြောက်လန့်ရတဲ့ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ Boeing 737 Max 8 လေယာဉ်အမျိုးအစား ပြေးဆွဲတာကို တကမ္ဘာလုံးမှာ ရပ်ကြဖို့ ထောက်ခံသွားမယ်လို့ ဘိုးရင်းက ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။ လက်ရှိမှာ ဘိုးရင်းကုမ္ပဏီနဲ့ အမေရိကန် အရပ်ဘက် လေကြောင်းစုံစမ်းစစ်ဆေးရေး တာဝန်ရှိသူတွေက အီသီယိုးပီးယား အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး လေယာဉ်ပျက်ကျခဲ့ရတဲ့ အကြောင်းရင်းကို ဝိုင်းဝန်းရှာဖွေနေကြပါတယ်။
3 years Ago

March 11, 2019

ပျက်ကျခဲ့သည့် အီသီယိုးပီးယား ခရီးသည်တင်လေယာဉ်အား ရှာဖွေ

အီသီယိုးပီးယား လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ် ဘိုးရင်း 737 ပျက်ကျခဲ့တဲ့ နေရာမှာ မတ်လ ၁၀ ရက်ကစပြီး တူးဖော်ရှာဖွေနေပါတယ်။ အီသီယိုးပီးယားမြို့တော် အဒစ် အဘာဘာကနေ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ဆီအသွား ပျံတက်ခါစ မိနစ်ပိုင်းအတွင်း လေယာဉ်ပျက်ကျခဲ့လို့ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၅၇ ဦး သေဆုံးခဲ့ပါတယ်။ လေယာဉ်ဟာ အစိတ်စိတ်အမြွှာမြွှာ ပြန့်ကျဲခဲ့တဲ့အပြင် ဆိုးဆိုးရွားရွား မီးလောင်ခဲ့တယ်လို့ လေယာဉ်ပျက်ကျတဲ့ နေရာမှာ ရှိနေတဲ့ ရိုက်တာသတင်းထောက်က ပြောပါတယ်။ လေယာဉ်ပျက်ကျရာ လယ်ကွင်းပေါ်မှာ အဝတ်အစားတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ ပြန့်ကျဲနေတာပါ။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ထင်မြင်ချက်ပေးဖို့ အချိန်စောလွန်းသေးတယ်၊ လေယာဉ်ပျက်ကျမှု အများစုဟာ အကြောင်းရင်း အတော်များများ ပေါင်းဆုံလို့ ပျက်ကျတာ ဖြစ်လေ့ရှိတယ်လို့ ဘေးကင်းရေးပညာရှင်တွေက ပြောပါတယ်။ လေယာဉ်ရဲ့ ပထမအရာရှိမှာ လေယာဉ်မောင်းချိန် နာရီ ၂၀၀ ကျော် ရှိထားတယ်လို့ လေကြောင်းလိုင်းရဲ့ အမှုဆောင်အရာရှိချုပ်က သတင်းထောက်တွေကို ပြောပါတယ်။ လေယာဉ်ဟာ အသစ်ဖြစ်ပြီး နည်းပညာပြဿနာမှတ်တမ်း မရှိခဲ့ဘူးလို့လည်း သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လေယာဉ်ပေါ်က ခရီးသည်တွေထဲမှာ အာဖရိက၊ အမေရိက၊ ဥရောပ၊ အာရှနဲ့ အရှေ့ပိုင်းဒေသ နိုင်ငံပေါင်း ၃၀ ကျော်က ခရီးသည်တွေ ပါတယ်လို့ ကင်ညာ သယ်ယူပို့ဆောင်ရေးဝန်ကြီးက အတည်ပြုပါတယ်။ အီသီယိုးပီးယား လေကြောင်းလိုင်းဟာ အာဖရိကတိုက်က အကြီးဆုံး လေကြောင်းလိုင်းတွေထဲက တခုဖြစ်ပါတယ်။ လေယာဉ်ဟာလည်း လေကြောင်းလိုင်းတိုးချဲ့ဖို့ မှာယူထားတဲ့ Boeing 737 MAX 8 ဂျက်လေယာဉ် အစီး ၃၀ ထဲက တစီးလည်း ဖြစ်ပါတယ်။
3 years Ago
More News
Up