အီသီယိုးပီးယားတွင် အမှိုက်ပုံပြိုကျမှုကြောင့် သေဆုံးသူအရေအတွက် ၅၀ အထိမြင့်တက်

March 15, 2017

အီသီယိုးပီးယားတွင် အမှိုက်ပုံပြိုကျမှုကြောင့် သေဆုံးသူအရေအတွက် ၅၀ အထိမြင့်တက်

အီသီယိုးပီးယားနိုင်ငံ အက်ဒစ်အက်ဘာဘာမြို့က အမှိုက်ပုံပြိုကျမှုကြောင့် သေဆုံးသူအရေအတွက်ဟာ အယောက် ၅၀ ထိ မြင့်တက်သွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အခုချိန်ထိ ပျောက်ဆုံးနေသူတွေ ရှိနေဆဲဖြစ်တာမို့ သေဆုံးသူအရေအတွက် ထပ်တိုးနိုင်တယ်လို့လည်း သူတို့က ဆိုပါတယ်။ အခင်းဖြစ်ကတည်းက လူ ၂၈ ဦး ဒဏ်ရာရခဲ့ပြီး အဲဒီအထဲက အမျိုးသမီး ၂ ဦးရဲ့ အခြေအနေဟာ စိုးရိမ်ရပါတယ်။ အခုပြိုကျခဲ့တဲ့ အမှိုက်ပုံကြီးဟာ အကျယ် ၃၀ ဟက်တာနဲ့ အမြင့် မီတာ ၃၀ လာက်ရှိပြီး မြူနီစီပယ်က မရှင်းလင်းတာ နှစ်အတော်ကြာပြီလို့ သိရပါတယ်။ မတ် ၁၂ ရက်နေ့က အဲဒီအမှိုက်ပုံကြီး ရုတ်တရက်ပြိုကျပြီး ပစ္စည်းအဟောင်းအစုတ်တွေ ရှာဖွေနေသူတချို့ အမှိုက်ပိ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် တောင်လိုပုံနေတဲ့ အမှိုက်သရိုက်နဲ့ အညစ်အကြေးတွေဟာ အနီးဝန်းကျင်ရှိ လူနေအိမ်တွေပေါ်ကိုလည်း ပြိုကျခဲ့ပါတယ်။ အခင်းဖြစ်ချိန်က အဲဒီနေအိမ်တွေထဲမှာ လူအယောက် ၁၅၀ လောက် ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမယ့် နေထိုင်သူတွေဟာ စာရင်းကောက်ယူဖို့ခက်တဲ့ ဆင်းရဲသား ကျူးကျော်တွေ ဖြစ်တာကြောင့် နောက်ထပ် လူဘယ်နှစ်ဦး သေဆုံးထိခိုက်တယ်ဆိုတာကို ခန့်မှန်းဖို့ ခက်တယ်လို့လည်း သူတို့က ဆိုပါတယ်။ ဒီ့အတွက် ကယ်ဆယ်ရေးလုပ်သားတွေက အမှိုက်သရိုက်တွေအောက် နစ်မြုပ်နေတဲ့ နေအိမ်တွေကို မတ် ၁၄ ရက်နေ့အထိ ဘူဒိုဇာ၊ မြေတူးစက်နဲ့ ထိုးကော်ပြီး ရှာဖွေနေကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
5 years Ago
Up