အီသီယိုးပီးယားစစ်တပ်

November 20, 2020

WHO အကြီးအကဲ သူပုန်များကို စည်းရုံးပေးနေဟု အီသီယိုးပီးယားစွပ်စွဲ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ တက်ဒရိုဟာ  တီဂရေးဒေသ သူပုန်တွေအတွက် သံတမန်နည်းနဲ့ စည်းရုံးပေးနေတယ်လို့ အီသီယိုးပီးယားစစ်တပ်က နိုဝင်ဘာ ၁၉ ရက်မှာ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။  အီသီယိုးပီးယားစစ်တပ်ဟာ တီဂရေးဒေသ မြို့တော်ဆီချီတက်နေပြိး သီတင်းနှစ်ပတ်ကြာ ပဋိပက္ခကြောင့် လူပေါင်းရာချီ သေဆုံးခဲ့ပါတယ်။  ဒါ့အပြင် ဒုက္ခသည် သုံးသောင်းခန့် အိမ်နီးချင်း ဆူဒန်နိုင်ငံထဲ ထွက်ပြေးခဲ့ရပြီး နိုဘယ်ငြိမ်းချမ်းရေးဆု ပူပူနွေးနွေးရထားတဲ့ ဝန်ကြီးချုပ် အက်ဘီအာမက်အနေနဲ့ မျိုးနွယ်စုအရ ကွဲပြားနေတဲ့ နိုင်ငံကို စည်းလုံးစေမလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။  နိုဝင်ဘာ ၁၉ ရက်မှာတော့ အီသီယိုးပီးယားစစ်တပ်က တီဂရေးမျိုးနွယ်စု ဒေါက်တာ တက်ဒရိုဟာ တီဂရေးသူပုန် TPLF တပ်ဖွဲ့တွေအတွက် လက်နက်တွေဝယ်ယူဖို့ ကြိုးပမ်းနေပြီး TPLF ကို သံတမန်အရ ထောက်ခံနေတယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။ ဒေါက်တာ တက်ဒရိုဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ မဖြစ်ခင်က TPLF ဦးဆောင်တဲ့ အီသီယိုးပီးယားညွန့်ပေါင်းအစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ် တာဝန်ထမ်းခဲ့ဖူးပါတယ်။  အီသီယိုးပီးယားစစ်တပ်ရဲ့ စွပ်စွဲ ပြောဆိုချက်နဲ့ပတ်သက်လို့ WHO အကြီးအကဲ ဒေါက်တာ တက်ဒရိုက် ချက်ချင်း တုံ့ပြန်ပြောဆိုတာ မရှိဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။
5 months Ago
Up