အီရီထရီးယား

July 11, 2018

အီသီယိုးပီးယားနှင့် အီရီထရီးယား ၂ နိုင်ငံစစ်ပွဲ ရပ်ဆိုင်းကြောင်း ကြေညာ

အီသီယိုးပီးယားနဲ့ အီရီထရီးယားနိုင်ငံတို့ဟာ အနှစ် ၂၀ စစ်ပွဲကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ အီရီထရီးယားနိုင်ငံရဲ့ မြို့တော် အက်စ်မာရာက အစိုးရအိမ်တော်မှာ အီရီထရီးယား သမ္မတနဲ့ အီသီယိုးပီးယား ဝန်ကြီးချုပ်တို့ ဇူလိုင် ၉ ရက်နေ့ မနက်က သဘောတူ လက်မှတ်ရေးထိုးလိုက်တာပါ။ ၂ နိုင်ငံကြား စစ်ပွဲပြီးဆုံးပြီး ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရင်းနှီးမှု ခေတ်သစ်ကို ရောက်ပြီလို့ အီရီထရီးယား ပြန်ကြားရေးဝန်ကြီးက ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်မှု ပူးတွဲကြေညာချက်ကို ကိုးကားပြီး တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။ ၂ နိုင်ငံကြား သံရုံးတွေ အပြန်အလှန်ဖွင့်တာ၊ လေကြောင်းခရီးစဉ်တွေ ပြေးဆွဲတာနဲ့ ဆိပ်ကမ်းတွေ ပူးတွဲတည်ဆောက်တာတွေ အကောင်အထည် ဖော်သွားမယ်၊ ၂ နိုင်ငံကြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ လုံခြုံရေး နယ်ပယ်တွေမှာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားမယ်လို့လည်း သူက ရေးခဲ့ပါတယ်။
5 years Ago

January 29, 2016

မိန်းမ ၂ ယောက်မယူလျှင် ထောင်ချခံရမည့်သတင်းကို စိတ်ပျက်ဟု အီရီထရီးယား ပြော

အာဖရိကနိုင်ငံတ၀န်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေတဲ့ မိန်းမ ၂ ယောက်မယူရင် ထောင်ဒဏ်ချမှတ်ခံရမယ့် သတင်းကို စိတ်ပျက်မိတယ်လို့ အီရီထရီးယား အာဏာပိုင်တွေက ပြောပါတယ်။ အီရီထရီးယားမြို့တော်မှာရှိတဲ့ အရူးကတောင် ဒီသတင်းဟာ မမှန်ဘူးဆိုတာကို သိတယ်လို့ အီရီထရီးယား အာဏာပိုင်ရဲ့ အပြောကို ကိုးကားပြီး ဘီဘီစီသတင်းက ရေးပါတယ်။ ဒီသတင်းကြောင့် တချို့တွေက ဇနီးအသစ်ရှာဖို့အတွက် အီရီထရီးယားသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ လူမှုကွန်ရက် အကောင့်တွေမှာ ရေးသားခဲ့ပါတယ်။ ဒီသတင်းကို ကင်ညာ စံတော်ချိန်သတင်းစာ ထုတ်ဝေနေတဲ့ ခရေစီ မန်းဒေးက စတင်ပြီး အင်တာနက်မှာ ရေးသားခဲ့တာလို့ ဆိုပါတယ်။ ခရေစီမန်းဒေးဟာ လူငယ်ပရိသတ်တွေကို ဆွဲဆောင်ဖို့အတွက် အတင်းအဖျင်း သတင်းတွေကို ရေးသားလေ့ရှိတဲ့ သတင်းစာတခု ဖြစ်ပါတယ်။ ဒီသတင်းဟာ ဒီမှာတင် ရပ်တန့်မသွားဘဲ နိုင်ဂျီးရီးယားနဲ့ တောင်အာဖရိကနိုင်ငံ တော်တော်များများကလည်း ရေးသားခဲ့ပြီး အမှန်ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ဂျီးရီးယားနဲ့ တခြားနိုင်ငံတွေက လူမှုကွန်ရက် တွစ်တာမှာလည်း သတင်းဟာ ရက်ပေါင်းများစွာ ရှေ့ပြေးခဲ့ပြီး အီရီထရီးယားနိုင်ငံကို ၀င်ခွင့်ရမယ့် ဗီဇာလျှောက်တဲ့ အထောက်အထား အင်တာနက်လင့်ခ်တွေကိုလည်း လူတွေက ရှယ်ခဲ့ပါတယ်။ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ကတော့ အီရီထရီးယား လူ့အခွင့်အရေး အခြေအနေက နှစ်မြို့စရာ မရှိသလို တားဆီးပိတ်ပင်မှုတွေရှိနေပြီး လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဟာ မြောက်ကိုရီးယားနဲ့ အလားသဏ္ဌာန်တူတယ်လို့ ဆိုပါတယ်။
7 years Ago
Up