.အီရန်

February 5, 2021

ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေးလုံးရေ ၁ သောင်း အီရန်ရရှိ

အီရန်ဟာ ရုရှားထုတ် စပွန်းနစ်-၅ ကိုဗစ်ကာကွယ်ဆေးလုံးရေ တစ်သောင်းကို  ဖေဖော်ဝါရီ ၄ ရက်က လက်ခံရရှိခဲ့ပါတယ်။ 

ဒါဟာ အီရန်ရဲ့ ပထမဆုံး ပြည်ပထုတ် ကိုဗစ်ကာကွယ်ဆေး ရောက်ရှိလာတာ ဖြစ်ပါတယ်။

စပွန်းနစ်-၅ ကိုဗစ်ကာကွယ်ဆေးကို သုံးစွဲခွင့်ပြုတယ်လို့ ဇန်နဝါရီလမှာ အီရန်က ပြောဆိုခဲ့ပါတယ်။ 

အီရန်ဟာ စပွန်းနစ်-၅ ကို တင်သွင်းဖို့နဲ့ ရုရှားနဲ့ပူးပေါင်း ထုတ်လုပ်ဖို့ စီစဉ်ထားပြီး လာမယ့် သီတင်းပတ်တွေမှာ နောက်ထပ် ကာကွယ်ဆေးတွေကို ရောက်ဖို့ စီစဉ်ထားပါတယ်။ 

ဒါ့အပြင် ဆင်းရဲတဲ့နိုင်ငံတွေကို ကိုဗစ်ကာကွယ်ဆေး မျှမျှတတ ပေးဖို့ ရည်ရွယ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပူးတွဲဦးဆောင်တဲ့ ကိုဗက်စ် အစီအစဉ်မှာလည်း အီရန်က ပါဝင်ထားပါတယ်။  

အရှေ့အလယ်ပိုင်းဒေသမှာ ကိုဗစ်အဆိုးဆုံးကြုံရတဲ့  အီရန်မှာ ဘယ်တော့ ကာကွယ်ဆေး  စထိုးမလဲဆိုတာကို အာဏာပိုင်တွေက မကြေညာသေးပါဘူး။ 

အီရန်မှာ ကိုဗစ်ကူးစက်သူ တစ်သန်းခွဲနီးပါးနဲ့ သေဆုံးသူ ငါးသောင်းရှစ်ထောင်ကျော် ရှိတယ်လို့ ဖေဖော်ဝါရီ ၃ ရက်  ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

9 months Ago

January 30, 2021

နျူကလီးယားအစီအစဉ် နောက်မဆုတ်ဟု အီရန် ပြော

အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို မရုပ်သိမ်းမချင်း အီရန်ဟာ နျူကလီးယား အစီအစဉ်တွေကို နောက်ဆုတ်မှာ မဟုတ်ဘူးလို့ အီရန်အစိုးရက ဇန်နဝါရီ ၂၉ ရက်မှာ ပြော လိုက်ပါတယ်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အီရန်နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်က အမေရိကန်ရဲ့ တောင်းဆိုချက်တွေက လက်တွေ့မကျဘူးလို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ်က အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့အကြား (JCPOA) လို့ခေါ်တဲ့  နျူကလီးယား သဘောတူညီချက် ရခဲ့ပါတယ်။ 

အဲဒီသဘောတူညီချက်အရ အီရန်ဟာ သူ့ရဲ့ နျူလက်နက် အစီအစဉ်ကို ကန့်သတ်ရမှာ ဖြစ်ပြီး အပြန်အလှန်အနေနဲ့ အမေရိကန်နဲ့ တခြားနိုင်ငံတွေက အီရန်အပေါ် ဒဏ်ခတ်မှုတွေကို ဖြေလျှော့သွားမှာပါ။

အစ္စရေးနဲ့ အာရပ်နိုင်ငံတွေကတော့ အဲဒီသဘောတူညီချက်ဟာ အီရန်အစိုးရအပေါ် တင်းကျပ်သင့်သလောက် မတင်းကျပ်ဘူးလို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

၂၀၁၈ မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဲဒီသဘောတူညီချက်ကနေ နုတ်ထွက်ပြီး အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လုပ်ခဲ့ပါတယ်။ အဲဒီအတွက် အီရန်က သဘောတူညီချက် စည်းကမ်းတွေကို စတင်ချိုးဖောက်လာတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

9 months Ago
Up