အီရန်အစိုးရဆန့်ကျင်သူ

December 15, 2020

အီရန်အစိုးရဆန့်ကျင်သူကို ပြန်ပေးဆွဲမှုဖြင့် လူ ၁၁ ဦး ဖမ်းဆီးခံရ

အီရန်အစိုးရဆန့်ကျင်သူတစ်ဦးကို ပြန်ပေးဆွဲပြီး အီရန်နိုင်ငံထဲ ခိုးသွင်းခဲ့ရာမှာ ပါဝင်တယ် ဆိုတဲ့ သံသယနဲ့ လူ ၁၁ ယောက်ကို တူရကီအာဏာပိုင်တွေက ထိန်းသိမ်းလိုက်ပါတယ်။  အဲဒီလူဟာ အီရန် အနောက်တောင်ပိုင်း လူအသေအပျောက်များတဲ့ ၂၀၁၈ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အီရန်အစိုးရက အလိုရှိနေသူလို့ တူရကီရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၄ ရက်မှာ ဆိုပါတယ်။  အီရန်အစိုးရဆန့်ကျင်သူ ဟာဘစ်ဘွန်းရှက်ဘွန်းကို အီရန်ထောက်လှမ်းရေးအဖွဲ့ကိုယ်စား လုပ်ပေးတဲ့ အဖွဲ့တစ်ဖွဲ့က ဆေးခတ်ပြီး ပြန်ပေးဆွဲခဲ့တာလို့ တူရကီ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။ နိုဝင်ဘာလတုန်းကတော့ အီရန်နိုင်ငံပိုင်သတင်းဌာနက အီရန်ထောက်လှမ်းရေးအဖွဲ့ဟာ ၂၀၁၈ တိုက်ခိုက်မှုမှာ ပါဝင်တယ်ဆိုတဲ့ သံသယနဲ့  ဘွန်းရှက်ဘွန်းကို  ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။  သူ့ကို ပြန်ပေးဆွဲခဲ့သူတွေကို လွန်ခဲ့တဲ့သီတင်းနှစ်ပတ်က ဖမ်းဆီးခဲ့တယ်လို့ တူရကီ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဘွန်းရှက်ဘွန်း ပြန်ပေးဆွဲခံရတဲ့အကြောင်းကို Washington Post သတင်းစာက အရင်ဆုံး ဖော်ပြခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ အီရန်ဘက်က ချက်ချင်း မှတ်ချက်ပြုတာ မရှိဘူးလို့ ရိုက်တာက ဖော်ပြထားပါတယ်။
4 months Ago
Up