အီရန်အစိုးရ

January 10, 2021

ထိန်းသိမ်းထားသည့် မြန်မာသင်္ဘောသားများအား အမြန်လွှတ်ပေးရန် အီရန်အစိုးရကို မေတ္တာရပ်ခံ

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုထောက်ရူပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာသင်္ဘောသား ၁၁ ဦးကို အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ မြန်မာနိုင်ငံဘက်က အီရန်အစိုးရကို မေတ္တာရပ်ခံလိုက်ပါတယ်။

မြန်မာ သဘောင်္သား ၁၁ ဦးကိုပြန်လွှတ်ပေးဖို့ လက်ရှိမှာ အီရန်နိုင်ငံကိုပါ ပူးတွဲ တာဝန်ယူထားတဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက အိန္ဒိယ နိုင်ငံအခြေစိုက် အီရန်သံအမတ်ကြီးနဲ့ တွေ့ဆုံညှိနှိုင်းတာ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးကလည်း ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးတွေနဲ့တွေ့ဆုံညှိနှိုင်းတာတွေ လုပ်ဆောင်ထားပါတယ်။ 

ဒီလိုတွေ့ဆုံညှိနှိုင်းမှုတွေအရလည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုထောက်ရူပြီး ဖမ်းဆီးထိန်းသိမ်းထားရတဲ့ မြန်မာသဘောင်္သား ၁၁ ဦးကို အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ အီရန်နိုင်ငံအစိုးရကို မေတ္တာရပ်ခံထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာသင်္ဘောသား ၁၁ ဦးရဲ့ လုံခြုံရေးကို အီရန်နိုင်ငံဘက်က အပြည့်အဝ တာဝန်ယူပေးထားပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားသလို သူတို့ရဲ့မိသားစုဝင်တွေနဲ့လည်း ဆက်သွယ်ခွင့်ပြုထားပါတယ်။ 

အရင်က ဖမ်းဆီးခံရတဲ့ မြန်မာသင်္ဘောသားအများစုက တရားမဝင်သင်္ဘောလိုင်းတွေကြောင့် အဖြစ်များခဲ့တာမို့ လုပ်ကိုင်ရခက်ခဲတဲ့အနေ အထားတွေ ရှိခဲ့ပေမဲ့ အခုဖြစ်ရပ်ကတော့ တရားဝင် သင်္ဘောလိုင်းဖြစ်တဲ့အတွက် သိပ်မကြာခင်မှာ ပြန်လွတ်နိုင်မဲ့ အနေအထားရှိတယ်လို့ ဆိုပါတယ်။

အီရန်သံအမတ်ကြီးတွေကလည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို  အခြေခံပြီး မြန်မာသင်္ဘောသား ၁၁ ဦးအား ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံအစိုးရရဲ့ မေတ္တာရပ်ခံချက်ကို အီရန်အစိုးရဆီ ဆောလျင်စွာ တင်ပြပေးမယ်လို့လည်း တွေ့ဆုံဆွေးနွေးမှုမှာ တုံ့ပြန်ပြောဆိုထားပါတယ်။

ကိုရီးယားသမ္မတနိုင်ငံ အခြေစိုက် DM Shipping Co., Ltd ကုမ္ပဏီပိုင် ရေနံတင်သင်္ဘောကို ဇန်နဝါရီ ၄ ရက်နေ့က အီရန်ဟော်မုဇ် ရေလက်ကြားမှာ အီရန်လက်နက်ကိုင်တော်လှန်ရေး အစောင့်တပ်တွေက  ဖမ်းဆီးခဲ့တာပါ။

ဒီရေနံတင်သင်္ဘောပေါ်မှာ ကိုရီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ် စတဲ့သင်္ဘောသားတွေနဲ့ အတူ မြန်မာသင်္ဘောသား ၁၁ ဦးပါ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ 

ဇာခြည်

11 months Ago

June 30, 2020

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အပေါင်းအပါ ၃၅ ဦးကို အီရန်အစိုးရက ဖမ်းဝရမ်းထုတ်

အီရန်ဗိုလ်ချုပ်ကြီး ကာဆမ်ဆူလေမာနီကို သတ်ဖြတ်မှုအတွက် အီရန် အစိုးရက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အပေါင်းအပါ ၃၅ ယောက်ကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ ဖမ်းဝရမ်းတွေကို အီရန်အစိုးရရှေ့နေ အလီအယ်လ်ကာစီမီဟာက ကြေညာပြီး နိုင်ငံတကာ ရဲတပ်ဖွဲ့ဆီမှာ အကူအညီတောင်းခဲ့တယ်လို့ အီရန်အခြေစိုက် ဖှားသတင်းဌာနက ဖော်ပြပါတယ်။ ဝရမ်းကို လူသတ်မှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက် ထုတ်ထားတာလို့လည်း အီရန် အစိုးရရှေ့နေက ပြောပါတယ်။ ဒါဟာ ဝါဒဖြန့်ချိရေး စွန့်စားခန်းတရပ်သာ ဖြစ်တယ်လို့ အီရန်နိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန်က ဇွန် ၂၉ ရက်မှာ ပြောပါတယ်။ “ဒါဟာ နိုင်ငံရေး သဘောသဘာဝပါပဲ။ နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံတကာ ငြိမ်းချမ်းရေး၊ ဒါမှမဟုတ် တည်ငြိမ်မှုမြှင့်တင်ရေးတွေနဲ့ ဘာမှ မပတ်သက်ဘူး။ ဒါဟာ ဘယ်သူမှ အရေးတယူ လုပ်မှာ မဟုတ်တဲ့ ဝါဒဖြန့် စတန့်ထွင်မှုတရပ်ပဲ”လို့ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒီဝရမ်းထုတ်တာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရကရော အင်တာပိုကပါ ပယ်ချခဲ့ပါတယ်။ အမေရိကန်ဟာ အီရန်တော်လှန်ရေး အစောင့်တပ် အထူးတပ်ဖွဲ့ဖြစ်တဲ့ ကာ့ဒ်စ်တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကာဆမ်ဆူလေမာနီကို အီရတ်နိုင်ငံအတွင်း ဇန်နဝါရီ ၃ ရက်က ဒရုန်းယာဉ်နဲ့ တိုက်ခိုက် သတ်ဖြတ်ခဲ့ပါတယ်။ ဆူလေမာနီဟာ အီရန်နဲ့ မဟာမိတ် ပြည်သူ့စစ်တွေက အမေရိကန်တပ်တွေကို ဒေသတွင်းမှာ တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူလို့ အမေရိကန်က စွပ်စွဲထားပါတယ်။
1 year Ago
More News
Up