အီရန်အကြပ်အတည်

January 9, 2020

အီရန်အရေးဆွေးနွေးပွဲ အမေရိကန် လွှတ်တော်အမတ်များ သဘောထားကွဲလွဲ

အီရန်အကြပ်အတည်းနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက လုပ်ငန်းစဉ်အသေးစိတ် ညွှန်ကြားရေးအစည်းအဝေးကို ဇန်နဝါရီ ၈ ရက်က ကျင်းပခဲ့ပြီး လွှတ်တော်အမတ်တွေကြား သဘောထား ကွဲလွဲခဲ့ပါတယ်။ ဒီအရေးကြောင့် အရှေ့အလယ်ပိုင်းမှာ ပိုကျယ်ပြန့်တဲ့ စစ်ပွဲတွေ ဖြစ်လာမလားဆိုတဲ့ စိုးရိမ်စိတ်တွေ ပေါ်ပေါက်နေတာပါ။ အမေရိကန်ဒရုမ်းယာဉ်က အီရန် ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီကို အီရတ်နိုင်ငံထဲမှာ လုပ်ကြံအပြီး ငါးရက်အကြာမှာ အမေရိကန် အထက်လွှတ်တော်မှာရော အောက်လွှတ်တော်မှာပါ ငါးရက်ကြာ တံခါးပိတ် ဆွေးနွေးခဲ့တာပါ။ လွှတ်တော်အစည်းအဝေးအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပေအို၊ ကာကွယ်ရေး ဝန်ကြီး မာ့ခ် အဲ့စ်ပါ၊ ပူးတွဲစစ်ဦးစီး အရာရှိချုပ် မာ့ခ် မီလေနဲ့ ဗဟိုထောက်လှမ်းရေး အေဂျင်စီ စီအိုင်အေ ညွှန်မှူး ဂီနာ ဟတ်စ်ပဲလ်တို့က မိန့်ခွန်းပြောကြပါတယ်။ ရီပတ်ဗလစ်ကင် ပါတီဝင်တွေက ထရမ့်ရဲ့ ဆုံးဖြတ်ချက် ပြတ်သားတဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ပေမယ့် ဒီမိုကရက်ပါတီဝင်တွေကတော့ စစ်ဖြစ်မယ့်အရေးကို ဦးတည်နေတဲ့ ခြိမ်းခြောက်မှုအပေါ် မေးခွန်းထုတ်ခဲ့တာပါ။ ဒီအစည်းအဝေးဟာ အထက်လွှတ်တော်အမတ် သက်တမ်း ၉ နှစ်အတွင်း မြင်ဖူးသမျှ အဆိုးဆုံး အစည်းအဝေးလို့ ရီပတ်ဗလစ်ကင် အထက်လွှတ်တော် အမတ် မိုက်လီက ပြောပါတယ်။  အီရန်ကို စစ်ရေးစွက်ဖက်တာ သင့်တော်မလားဆိုတဲ့ ကိစ္စကို မဆွေးနွေးနဲ့ မငြင်းခုန်နဲ့၊ ဆွေးနွေး ငြင်းခုန်ခဲ့ရင် အီရန်ကို ရဲဆေးတင်ပေးသလို ဖြစ်လိမ့်မယ်ဆိုတဲ့ သတင်းစကားဟာ အစည်းအဝေးနဲ့ ပတ်သက်တဲ့ စိတ်အဆင်းရဲရဆုံးစကားပဲလို့ သူက ပြောပါတယ်။ “ဒါဟာ ကျနော်တို့ ကျမ်းကျိန်ထားရတဲ့ အမေရိကန် အခြေခံဥပဒေကို စော်ကားနေသလို၊ သိက္ခာချသလို ခံစားရတယ်” လို့ သူက ပြောခဲ့ပါတယ်။
2 years Ago
Up