အီရန်သမ္မတ

September 30, 2022

မာဆာအာမီနီသေဆုံးမှု စုံစမ်းစစ်ဆေးမည်ဟု အီရန်သမ္မတ ပြော

အီရန်နိုင်ငံမှာ ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားခဲ့ရတဲ့ အမျိုးသမီးငယ် မာဆာ အာမီနီရဲ့ အမှုကို သေချာပေါက် စုံစမ်းစစ်ဆေးသွားမယ်လို့ သမ္မတ အီဘရာဟင်မ်ရိုင်စီက စက်တင်ဘာ ၂၈ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဒီကိစ္စကို ဦးစားပေးကိုင်တွယ်သွားမယ်လို့ အာမီနီရဲ့ မိသားစုကို ပြောခဲ့တယ်လို့လည်း သမ္မတက ပြောပါတယ်။

လာမယ့်ရက်တွေအတွင်း မှုခင်းဆေးပညာဌာနက အာမီနီ သေဆုံးမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို တင်ပြပေးရမယ်လို့ အမိန့်ပေးထားပါတယ်။

အစ္စလာမ္မစ် သမ္မတနိုင်ငံရဲ့ တင်းကျပ်တဲ့ ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းမျဉ်းတွေကို ကြပ်မတ်ပေးရတဲ့ ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဟာ အနောက်မြောက်ပိုင်း ကာ့ဒ်မြို့ စကွဇ်မှာနေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် အာမီနီကို ဘာသာရေးအရ ဝတ်ဆင်ရတဲ့ ခေါင်းစည်းပုဝါ ဝတ်စားဆင်ယင်မှု မသင့်တော်မှုနဲ့ ဖမ်းဆီးခဲ့ပြီးနောက်မှာ အာမီနီဟာ သတိမေ့မြောသွားခဲ့ပြီး ဆေးရုံမှာ သေဆုံးသွားခဲ့တာပါ။

စက်တင်ဘာ ၁၃ ရက်မှာ အာမီနီသေဆုံးမှု ဖြစ်ပွားပြီးကတည်းက ဆန္ဒပြပွဲတွေဟာ နိုင်ငံတဝန်း မြို့ပေါင်း ၈၀ ကျော်ကို ပျံ့နှံ့ခဲ့ပါတယ်။

ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရလိုလားတဲ့ ပြည်သူ့စစ်တွေ အပါအဝင် လူ ၄၁ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ အီရန် လူ့အခွင့်အရေး အဖွဲ့တွေကတော့ သေဆုံးသူဦးရေ ပိုများလာတယ်လို့ ပြောပါတယ်။

2 months Ago

September 13, 2021

နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရန် အီရတ်ဝန်ကြီးချုပ်နှင့် အီရန်သမ္မတ ပူးတွဲကြေညာ

အီရန်နဲ့ အီရတ် အိမ်နီးချင်း နှစ်နိုင်ငံကြား ဆက်ဆံရေး အားဖြည့်ဖို့ အရေးကြီးတယ်လို့ အီရတ်ဝန်ကြီးချုပ်နဲ့ အီရန်သမ္မတ နှစ်ယောက်လုံးတို့က စက်တင်ဘာ ၁၂ ရက် ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

အိုင်အက်စ် စစ်သွေးကြွတွေနဲ့ တိုက်ပွဲအတွင်း အီရတ်ဘက်ကနေ ရပ်တည်ပေးခဲ့တဲ့အတွက် အီရန်ကို ကျေးဇူးတင်ကြောင်း အီရတ်ဝန်ကြီးချုပ် မူစတာဖှာအယ်လ်ခါဒီမီက သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောပါတယ်။

“ခါဒီမီဟာ သြဂုတ်လအစောပိုင်းက အာဏာရလာတဲ့ အီရန်သမ္မတ အီဘရာဟင်မ်ရိုင်စီထံကို လာရောက်လည်ပတ်တဲ့ ပထမဆုံးကမ္ဘာ့ခေါင်းဆောင် ဖြစ်လာပါတယ်။ ကျနော်တို့ရဲ့ ရန်သူတွေ ဖြစ်စေချင်တာနဲ့ ဆန့်ကျင်ပြီး အီရန်နဲ့ အီရတ် ဆက်ဆံရေးကို မတူခြားနားတဲ့ နယ်ပယ်တွေမှာ တိုးချဲ့နိုင်တယ်၊ ဆက်ဆံရေးတိုးချဲ့မှုဟာ နှစ်နိုင်ငံကြားမှာ အကန့်အသတ်ထားမှာ မဟုတ်ဘူး” လို့ အီရန်သမ္မတ ရိုင်စီက ပြောပါတယ်။

အီရတ်အစိုးရဟာ အီရန်နဲ့ ဆော်ဒီအာရေဗျ အပါအဝင် ပင်လယ်ကွေ့ဒေသ ပြိုင်ဘက် အာရပ် နိုင်ငံတွေကြားမှာ ဖျန်ဖြေပေးဖို့ ကြိုးစားနေတာပါ။

အီရတ်ဟာ အီရန်က တဖက် အမေရိကန်၊ အစ္စရေးနဲ့ ပင်လယ်ကွေ့ဒေသက အာရပ်နိုင်ငံတွေက တဖက် ပြိုင်ဆိုင်ရာ ကစားကွင်း ဖြစ်လာနေတာပါ။

အီရန်နဲ့ အီရတ် ပြည်သူ့စစ်ခေါင်းဆောင်တွေ လုပ်ကြံခံရမှုနဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေ ကြားမှာ ညပ်နေတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

1 year Ago
More News
Up