အီရန်ဘာသာရေးခေါင်းဆောင်

A d v e r t i s e m e n t With Us

January 2, 2020

အီရတ်အား တိုက်ခိုက်မှုအတွက် အမေရိကန်ကို အီရန်ဘာသာရေးခေါင်းဆောင် ပြစ်တင်

အီရတ်နိုင်ငံအတွင်း တိုက်ခိုက်မှုအတွက် အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမေးနီက အမေရိကန်ကို ဇန်နဝါရီ ၁ ရက်နေ့က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ အီရတ်နိုင်ငံထဲရှိ အီရန်နဲ့မဟာမိတ် ပြည်သူ့စစ်အုပ်စုကို အမေရိကန်က တိုက်ခိုက်လို့ အကြမ်းဖက်မှုနဲ့ ပြစ်တင်ဝေဖန်ခဲ့တာပါ။ “အီရန် အစိုးရ၊ နိုင်ငံနဲ့ ကျနော်က ဒီတိုက်ခိုက်မှုတွေကို အပြင်းအထန် ပြစ်တင် ရှုတ်ချတယ်၊ အီရန်ဟာ သူ့အပေါ် အင်အားသုံးဖို့ ကြိုးစားတဲ့ ဘယ်နိုင်ငံကိုမဆို ထိပ်တိုက်တွေ့သွားမယ်”  ခါမေးနီက ပြောပါတယ်။ ဒီဇင်ဘာ ၂၇ ရက်က အီရတ် စစ်စခန်း ဒုံးကျည်နဲ့ တိုက်ခိုက်ခံရလို့ အမေရိကန် အရပ်သား ကန်ထရိုက်တာ တယောက် သေဆုံးခဲ့ပါတယ်။ ဒီအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် စစ်တပ်က ခါတစ်ဘ် ဟဇ်ဘိုလာ ပြည်သူ့စစ်တွေကို ဒီဇင်ဘာ ၂၉ မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ အီရတ်နိုင်ငံအတွင်းက အမေရိကန်သံရုံးကို အကြမ်းဖက် ဆန္ဒပြသူတွေက ဒီဇင်ဘာ ၃၁ ရက်နေံ မီးရှို့တဲ့လုပ်ရပ်မှာ အီရန်က စီစဉ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့ပြီး အီရန်အစိုးရ တာဝန်ခံရလိမ့်မယ်လို့ ပြောပါတယ်။ အီရန် အစိုးရကတော့ စွဲချက်ကို ပယ်ချထားပါတယ်။ အီရန်နဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေပေမယ့် အမေရိကန် နဲ့ အီရန်တို့ စစ်ဖြစ်မယ့် အလားအလာလည်း မမြင်သလို စစ်လည်း မဖြစ်ချင်ဘူးလို့ ထရမ့်က ဒီဇင်ဘာ ၃၁ ရက်မှာ ပြောပါတယ်။  “ကျနော်က ငြိမ်းချမ်းရေးကို ကြိုက်ပါတယ်။ အီရန်ကလည်း ငြိမ်းချမ်းရေးကို သူများထက် ပိုပြီး လိုချင်သင့်တယ်” လို့ ထရမ့်က ပြောပါတယ်။ အစောပိုင်းကတော့ အမေရိကန် သံရုံးကို အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ပြည်သူ့စစ်တွေ ဦးဆောင်ပြီး အကြမ်းဖက် ဆန္ဒပြတဲ့အပေါ် လက်တုံ့ပြန်မယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။
1 year Ago
Up