အီရန် နျူကလီးယားအရေး သဘောတူညီချက် လက်မှတ်ထိုးနိုင်ရန် ကြန့်ကြာနိုင်

July 6, 2015

အီရန် နျူကလီးယားအရေး ဆွေးနွေးပွဲ သဘောတူညီချက် မရသေး

အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ အီရန် နျူကလီးယားအရေး ဆွေးနွေးနေတာ နောက်ဆုံးရက်ကို ရောက်လာပေမယ့် ခက်ခဲတဲ့ကိစ္စ အတော်များများမှာ သဘောတူညီချက် မရရှိသေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။ ကျန်ခဲ့တဲ့ ရက်တွေမှာ တိုးတက်မှုတွေ ရှိခဲ့ပေမယ့် အခက်ခဲဆုံး ကိစ္စတွေကို ညှိနှိုင်းမရ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကျန်နေသေးတဲ့အချိန်မှာ ခက်ခဲတဲ့ ရွေးချယ်မှုတွေကို လုပ်ရင် အပြီးသတ် သဘောတူညီချက် ရသွားနိုင်ပေမယ့် ဒီလိုမှ မဟုတ်ရင်တော့ အဖြေမထွက်နိုင်ဘူးလို့ ဂျွန်ကယ်ရီက သြစတြီးယားနိုင်ငံ ဗီယင်နာက သတင်းစာရှင်းလင်ပွဲမှာ ပြောပါတယ်။ လောလောဆယ်မှာတော့ သင့်တင့်မျှတတဲ့ သဘောတူညီချက်တခုကို အားလုံး သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ ရရှိအောင် ကြိုးစားနေဆဲပဲလို့လည်း အီရန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီးမှာ ဂျွန်ကယ်ရီက သတင်းထောက်တွေကို ပြောပါတယ်။ ဥရောပ နိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲ ဖက်ဒရီကာ မိုဂရီနီကလည်း သဘောတူညီချက် ရဖို့အတွက် နိုင်ငံရေးအရ ဆုံးဖြတ်ရမယ့် အချိန်ကာလ ရောက်နေပြီလို့ သတိပေးပါတယ်။ ဇူလိုင် ၆ ရက် ဒီနေ့မှာ နိုင်ငံခြားရေးဝန်ကြီးတွေ နောက်ထပ်တွေ့ဖို့ ရှိပါတယ်။ အခြေအနေတွေ မရေမရာ ဖြစ်နေပေမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီကတော့ အကောင်းမြင်တယ်လို့ ပြောထားပါတယ်။ တကယ်လက်တွေ့မှာတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းမယ့် အချိန်ကာလ၊ အတိုင်းအတာနဲ့ ပတ်သက်လို့ သဘောထား ကွာဟနေတုန်းပါပဲ။ အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ ကြားမှာ ဆွေးနွေးပွဲဟာ နောက်ဆုံးရက် သတ်မှတ်ခဲ့တဲ့  ဇွန် ၃၀ ကျော်လွန်ခဲ့ပြီး ဇူလိုင် ၇ ရက်နေ့အထိ ရက်တိုး ဆွေးနွေးနေတာ ဖြစ်ပါတယ်။
6 years Ago

July 3, 2015

အီရန် နျူကလီးယားအရေး သဘောတူညီချက်ရရန် နီးစပ်

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ အီရန် နျူကလီးယား ဆွေးနွေးနေတာ အပြီးသတ် သဘောတူညီချက် ရရှိဖို့ ဖြစ်နိုင်ချေများတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဂျာမနီ၊ အီရန်၊ အမေရိကန်ပြည်ထောင်စု၊ အီးယူ၊ ပြင်သစ်နဲ့ သြစတြီးယားတို့က နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ တွေ့ဆုံအပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီက သတင်းထောက်တွေကို ပြောလိုက်တာပါ။ ပါဝင်ဆွေးနွေးနေတဲ့ အဖွဲ့တွေအားလုံးက အမြင်မတူညီတာတွေကို ဇူလိုင် ၇ ရက်မတိုင်ခင်မှာ အဖြေထုတ်နိုင်ဖို့ အကောင်းဆုံး ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။ အမှားအယွင်းမခံနိုင်တဲ့ ကိစ္စတွေ၊ အရေးကြီးတဲ့ ကိစ္စတွေ ဆွေးနွေးစရာ ရှိပေမယ့် သဘောတူညီချက် ရဖို့ကတော့ ဖြစ်နိုင်ချေများတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မြို့တော် ဗီယင်နာမှာ ရောက်နေတဲ့ အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲကလည်း ကျန်ခဲ့တဲ့ ရက်တွေအတွင်းမှာ တိုးတက်မှုတွေ ရရှိခဲ့တယ်လို့ ပြောပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာ ညှိနှိုင်းမှုတွေမှာ တိုးတက်မှု ရရှိခဲ့ပြီး နိုင်ငံရေးပိုင်းကို ဆက်ဆွေးနွေးနေတယ်လို့ ပြောပါတယ်။ ဇူလိုင် ၂ ရက်နေ့မှာပဲ နိုင်ငံတကာ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီ (အိုင်အေအီးအေ) အကြီးအကဲ ယူကီယာ အမ်မာနိုလည်း အီရန်နိုင်ငံ မြို့တော် တီဟီရန်ကို ရောက်သွားပြီး ဗီယင်နာမှာ ညှိနှိုင်းမရဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အီရန်သမ္မတ ရူဟာနီနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အီရန်နျူကလီးယားအရေးကို ဆွေးနွေးနေတာ နောက်ဆုံးသတ်မှတ်ထားတဲ့ ဇူလိုင် ၃၀ မှာ သဘောတူညီချက် မရခဲ့တဲ့အတွက် နောက်တပတ်တိုးပြီး ဆက်လက် ညှိနှိုင်းနေတာ ဖြစ်ပါတယ်။ အဓိက ကျန်နေသေးတဲ့ ကိစ္စတွေထဲမှာ အိုင်အေအီးအေရဲ့ အခန်းကဏ္ဍနဲ့လည်း ပတ်သက်နေပါတယ်။ အိုင်အေအီးအေ အနေနဲ့ အီရန် စစ်စခန်းတွေထဲအထိ စစ်ဆေးခွင့်ရဖို့ အင်အားကြီးနိုင်ငံတွေဘက်က လိုလားပေမယ့် အီရန်ဘက်က လက်မခံနိုင်တဲ့အကြောင်း အစောကြီးကတည်းက ပြောဆိုထားပါတယ်။
6 years Ago
Up