အီရန်လေတပ်အခြေစိုက်စခန်းမှတဆင့် ဆီးရီးယား စစ်ရေးပစ်မှတ်များကို ရုရှားတိုက်ခိုက်

August 17, 2016

အီရန်လေတပ်အခြေစိုက်စခန်းမှတဆင့် ဆီးရီးယား စစ်ရေးပစ်မှတ်များကို ရုရှားတိုက်ခိုက် (ရုပ်သံ)

အီရန်နိုင်ငံအနောက်ပိုင်း လေတပ်အခြေစိုက်စခန်းတခုကနေ ဆီးရီးယားနိုင်ငံထဲက စစ်ရေးပစ်မှတ်တွေကို စတင်တိုက်ခိုက်နေပြီလို့ ရုရှားလေတပ်က သြဂုတ် ၁၆ ရက်မှာ ကြေညာပါတယ်။ ရုရှား တာဝေး ဗုံးကြဲလေယာဉ်တွေ၊ စုကွိုင် ၃၄ တိုက်လေယာဉ်တွေ သြဂုတ် ၁၆ ရက်က အီရန်လေတပ်စခန်း ဟာမီဒန် (Hamedan) ကနေ ဆီးရီးယားနိုင်ငံထဲက အလစ်ပိုပြည်နယ်၊ အက်ဒလစ်ပြည်နယ်နဲ့ ဒါရာဇော်ပြည်နယ်တွေမှာ သွားရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ရုရှားစစ်တပ်ကြေညာချက်က ဆိုပါတယ်။ ရုရှားလေတပ်ဟာ အခုလို တတိယတနိုင်ငံကနေ ဆီးရီးယားနိုင်ငံကို လေကြောင်းထိုးစစ်ဆင်နွှဲတာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အီရန်နိုင်ငံဟာလည်း ဆီးရီးယားသမ္မတ အာဆတ်ရဲ့ ဒေသတွင်း အဓိက မဟာမိတ်နိုင်ငံဖြစ်ပြီး ၂၀၁၁ ဆီးရီးယားစစ် စတင်ချိန်ကစပြီး သမ္မတအာဆတ် အစိုးရကို စစ်ရေးနဲ့ ငွေရေးကြေးရေး ထောက်ပံ့မှုတွေ ပေးနေတာပါ။ ပြီးခဲ့တဲ့လတွေအတွင်း ရုရှားနဲ့ အီရန် အဆင့်မြင့်စစ်ခေါင်းဆောင်တွေ တွေ့ဆုံကြပြီး စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြတာပါ။ ဆီးရီးယားနိုင်ငံထဲက အကြမ်းဖက် စစ်ရေးပစ်မှတ်တွေကို ပဲ့ထိန်းဒုံးတွေ ပစ်ခတ်တာမှာ အီရန်နဲ့ အီရတ် လေပိုင်နက်တွေကို ဖြတ်ပြီး ပစ်ခတ်ခွင့်ကို ပြီးခဲ့တဲ့တပတ်က ရုရှားစစ်တပ်က တောင်းခံခဲ့တာ ဖြစ်ပါတယ်။
5 years Ago
Up