အီရန် အမျိုးသမီး ဘောလုံးအသင်းက ၈ ဦးမှာ လိင်ပြောင်းလဲဖို့ ခွဲစိတ်ကုသခံရေး စောင့်ဆိုင်းနေတဲ့ အမျိုးသားတွေ ဖြစ်ပါတယ်။
အမျိုးသမီးအသင်းမှာ အမျိုးသား ၈ ဦးကို အသုံးပြုထားတဲ့အတွက် အီရန် ဘောလုံးအဖွဲ့ချုပ်ကို ကျင့်ဝတ်ချိုးဖောက်တယ်လို့ စွပ်စွဲခံနေရကြောင်း ဗြိတိန် တယ်လီဂရပ်ဖ် သတင်းမှာ ရေးပါတယ်။
အီရန်လိဂ်က အရာရှိတွေနဲ့ နီးစပ်တဲ့ မိုဂျတာဘီ ရှရီဖီက လိင်ပိုင်းဆိုင်ရာ ခွဲစိတ်မှု ပြီးစီးခြင်းမရှိဘဲ ကစားသမား ၈ ဦးဟာ အမျိုးသမီးအသင်းမှာ ကစားနေတယ်လို့ ပြောပါတယ်။
စက်တင်ဘာ ၃၀ ရက်က ပြိုင်ပွဲနဲ့ နိုင်ငံလက်ရွေးစင်အသင်း ကစားသမားတွေရဲ့ လိင်ကို စစ်ဆေးဖို့ တာဝန်ရှိသူတွေက ညွှန်ကြားခဲ့ပါတယ်။
အမျိုးသားလို့ထင်ရတဲ့ ကစားသမားတွေရဲ့ အမည်ကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။
အီရန် အမျိုးသမီးအသင်းက ခေါင်းစည်းပ၀ါတွေ၊ ဘောင်းဘီရှည်တွေကို ၀တ်ဆင်ကစားတဲ့ အသင်းလည်း ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်ကလည်း နိုင်ငံလက်ရွေးစင် ကစားသမား ၄ ဦးဟာ လိင်ပိုင်းဆိုင်ရာ ခွဲစိတ်မှု မပြီးဆုံးသေးတဲ့ အမျိုးသားတွေ ဖြစ်တယ်လို့ သိရှိခဲ့တဲ့အတွက် ဘောလုံးအဖွဲ့ချုပ်က စစ်ဆေးခဲ့ပါတယ်။
၂၀၁၀ ခုနှစ်တုန်းကလည်း အသင်းဂိုးသမားဟာ အမျိုးသားဖြစ်တယ်ဆိုပြီး သံသယတွေ ဖြစ်ခဲ့ဖူးပါတယ်။
အီရန်မှာ လိင်ပိုင်းဆိုင်ရာ ခွဲစိတ်ပြောင်းလဲတာကို တရားဝင်အဖြစ် သတ်မှတ်ထားပြီး ၂ နှစ်ကြာတဲ့ လိင်ခွဲစိတ် ပြောင်းလဲမှုတွေကို ပြုလုပ်လေ့ ရှိပါတယ်။
7 years Ago