အီရန်သမ္မတ ရောင်ဟာနီ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဟု ပညာရှင်များ သုံးသပ်

May 23, 2017

အီရန်သမ္မတ ရောင်ဟာနီ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဟု ပညာရှင်များ သုံးသပ်

အမေရိကန်သမ္မတက အီရန်ရဲ့ပြိုင်ဘက် အင်အားစုတွေနဲ့ ပြန်ပြီး မဟာမိတ်ပြုနေလို့ အီရန်သမ္မတဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပညာရှင်တွေက သုံးသပ် ပြောဆိုလိုက်ပါတယ်။ အီရန်သမ္မတရာထူး ဒုတိယသက်တမ်းကို ပူပူနွေးနွေးရထားတဲ့ ဟတ်ဆန် ရောင်ဟာနီဟာ စိန်ခေါ်မှုအတော်များများနဲ့ ရင်ဆိုင်ရတော့မယ်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆော်ဒီအာရေဗျနဲ့ အစ္စရေးတို့လို အီရန်နဲ့ ရန်ဘက်နိုင်ငံတွေနဲ့ ပြန်ပြီး မိတ်ဘက်ဖြစ်ရေး ရည်ရွယ်ကြောင်း ပြသခဲ့တယ်လို့ အီရန်ပညာရှင်တဦးက မေလ ၂၁ ရက်နေ့မှာ ပြောပါတယ်။ ထရမ့်ဟာ သမ္မတဖြစ်အပြီး ပထမဆုံး နိုင်ငံခြားခရီးစဉ်ကို မေလ ၂၀ ရက်က စတင်ပါတယ်။ အာရပ်နိုင်ငံတွေနဲ့ ပင်လယ်ကွေ့ဒေသအတွင်း အကြမ်းဖက်ဝါဒနဲ့ နျူကလီးယား လက်နက်ပိုင်ရှင် အီရန်နိုင်ငံရဲ့ ခြိမ်းခြောက်မှုကို တိုက်ဖျက်ရာမှာ ကူညီဖို့ ဆော်ဒီအာရေဗျနဲ့ အမေရိကန်ဒေါ်လာ ဘီလျံ ၁၁၀ တန် လက်နက်အရောင်းအဝယ်ကို စတင်ခဲ့ပါတယ်။ လက်နက်အရောင်းအဝယ်ဟာ ဒေသတွင်း အီရန်ရဲ့သြဇာ လွှမ်းမိုးမှုကို တန်ပြန်ဖို့ အာရပ်မဟာမိတ်တွေနဲ့ စေ့စပ်ရေး အမေရိကန်ရဲ့ အားထုတ်မှုကို ရှင်းရှင်းလင်းလင်း ပြတာပဲလို့ တီဟီရန်တက္ကသိုလ် ကမ္ဘာ့ရေးရာ လေ့လာမှုဌာန အကြီးအကဲ ဖိုဝစ် အစ်ဇာဒီ (Foad Izadi) က ပြောပါတယ်။ ရောင်ဟာနီဟာ ပိုခေတ်မီပြီး ကမ္ဘာနဲ့ချိတ်ဆက်မိတဲ့ အီရန်ကို တည်ဆောက်ချင်နေတယ်၊ ပြည်တွင်းမှာ အမာခံတွေနဲ့ရော ပြည်ပက အမေရိကန်နဲ့ပါ ရင်ဆိုင်ရတော့မယ်လို့ အစ်ဇာဒီက ဆက်ပြောပါတယ်။ "ရောင်ဟာနီက တင်းမာမှုတွေကို ပြေလျော့စေချင်ပေမယ့် အမေရိကန် အောက်လွှတ်တော်မှာရော သမ္မတ ဒေါ်နယ်ထရမ့်နားက လူတွေကြားမှာပါ အီရန်ကို ဆန့်ကျင်တဲ့အားတွေ များနေတယ်၊ ဆော်ဒီအာရေဗျနဲ့ အစ္စရေးကလည်း အီရန်ကို ပိုဖိအားပေးဖို့ ဆွယ်တရားဟောနေတယ်" လို့ အစ်ဖာဒီက ပြောပါတယ်။
4 years Ago
Up