အီရန်ပါလီမန်တွင်း အိုင်အက်စ်အကြမ်းဖက်များ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် စီစီတီဗွီမှတ်တမ်း ရုပ်သံ ထွက်ပေါ်

June 9, 2017

အီရန်ပါလီမန်တွင်း အိုင်အက်စ်အကြမ်းဖက်များ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် စီစီတီဗွီမှတ်တမ်း ရုပ်သံ ထွက်ပေါ်

အီရန်နိုင်ငံမြို့တော် တီဟီရန်မှာ ပါလီမန်အဆောက်အဦနဲ့ ဘာသာရေးခေါင်းဆောင် အာယာတိုလာခိုမေနီရဲ့ ဂူဗိမာန်တွေကို အိုင်အက်စ် အကြမ်းဖက်သမားတွေ ဇွန်လ ၆ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ စီစီတီဗွီမှတ်တမ်းရုပ်သံ ထွက်ပေါ်လာပါတယ်။ ဒီတိုက်ခိုက်မှုမှာ အခုချိန်ထိ လူပေါင်း ၁၃ ဦး သေဆုံးခဲ့ရပြီး ၄၃ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတာပါ။ အိုင်အက်စ် အကြမ်းဖက်သမားတွေကတော့ ဒါဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး အကြမ်းဖက်မှုကျူးလွန်ခဲ့တုန်းက ဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်ကိုလည်း လွှင့်တင်ခဲ့တာပါ။ အီရန်ပါလီမန်ကို တိုက်ခိုက်ခဲ့သူ ၄ ဦးမှာ ၁ ဦးက အသေခံဗုံးခွဲခဲ့တာဖြစ်ပြီး ကျန်တဲ့ ၃ ဦးကိုတော့ ရဲက အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။ ခိုမေနီရဲ့ ဂူဗိမာန်ကို တိုက်ခိုက်သူ ၃ ဦးထဲက ၁ ဦးက အသေခံဗုံးခွဲခဲ့တာဖြစ်ပြီး ကျန် ၁ ဦးကို ရဲက အသေပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ နောက်တဦးကတော့ အမျိုးသမီးတဦးဖြစ်ပြီး ဒဏ်ရာရရှိသွားခဲ့ပြီးနောက် ရဲက ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။ ပါလီမန်အဆောက်အဦအနီးမှာ စတိုးဆိုင်ဖွင့်ထားခဲ့သူ မာဂျစ်က “နေ့လယ် ၁၁ နာရီလောက်မှာ ပါလီမန်အဆောက်အဦထဲကနေ သေနတ်သံတွေကြားတယ်။ ‘လူတွေကို ပစ်ခတ်နေတယ်လို့လည်း’ အော်နေသံတွေ ကြားရတယ်။ ဓာတ်ပုံတွေကြည့်ရတာ တော်တော်ရက်စက်ပါတယ်။ အကြမ်းဖက်သမားတွေက လမ်းသွားလမ်းလာတွေကိုလည်း ပစ်တာပဲ၊ ဒါနဲ့ ရဲတွေက ကျနော်တို့ကို ဒီမှာဆက်မနေဖို့ ပြောပါတယ်” လို့ ဆိုပါတယ်။ အဲဒီအနီးအနားက စတိုးဆိုင်ဝန်ထမ်းတဦးကတော့ “ဆယ်နာရီခွဲနဲ့ ဆယ်နှစ်နာရီလောက်မှာ သေနတ်သံတွေကြားရတယ်။ လူ ၆ ယောက် ၇ ယောက်လောက်ကိုလည်း ပါလီမန်အဆောက်အဦထဲက ထုတ်လာတာတွေ့တယ်။ အကြမ်းဖက်သမားတွေ ပါလီမန်တံခါးကနေ ထွက်လာပြီး လူတွေကို ပစ်ခတ်ပါတယ်။ နောက် ပါလီမန်ထဲ ပြန်ဝင်သွားပါတယ်။ သူတို့ လူတွေကိုပစ်တော့ ကျနော်တောင် ဝပ်နေလိုက်ရသေးတယ်” လို့ ပြောပါတယ်။
4 years Ago
Up