အီရတ်အစိုးရ

January 21, 2020

အီရတ်အစိုးရဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် အီရတ်နိုင်ငံ လမ်းတွေပေါ်မှာ ဇန်နဝါရီ ၂၀ ရက်က အစိုးရဆန့်ကျင်ရေး စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ ဇန်နဝါရီ ၁၇ ရက်က လုံခြုံရေးတပ်တွေကြောင့် လူတယောက်ထက် မနည်း သေဆုံးရတာကို ဆန့်ကျင် ချီတက်တာလည်း ဖြစ်ပါတယ်။ လုံခြုံရေးတပ်တွေက ပစ်လိုက်တဲ့ မျက်ရည်ယိုဗုံးက ဆန္ဒပြသူရဲ့ လည်ပင်းကို တိုက်ရိုက်ထိမှန် သေဆုံးခဲ့တာလို့ ဆေးဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။ မြို့တော်ဘဂ္ဂဒက်က တာရီအာရင်ပြင်မှာ ထောင်နဲ့ချီတဲ့ လူတွေ လတွေနဲ့ချီ သပိတ်စခန်း ဖွင့်ခဲ့ပြီး နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုနေခဲ့ကြပါတယ်။ အီရတ်ပြည်သူအများစု ဆင်းရဲမွဲတေနေရတာဟာ အကျင့်ပျက် ခြစားမှုကြောင့်လို့ လူငယ်အများစုပါဝင်တဲ့ ဆန္ဒပြသူတွေက ရှုမြင်ထားပါတယ်။ အမေရိကန်က အီရန် ထိပ်တန်းဗိုလ်ချုပ်ကြီးကို အီရတ်နိုင်ငံထဲမှာ လေကြောင်းကနေ ပစ်ခတ် လုပ်ကြံအပြီး အမေရိကန်နဲ့ အီရန်ကြား ပဋိပက္ခတွေအပေါ် အာရုံရောက်နေကြပေမယ့် ဆန္ဒပြပွဲ အရှိန်အဟုန်ကို ဆက်ပြီး မြှင့်တင်သွားမယ်လို့ ဆန္ဒပြသူတွေက စိတ်ပိုင်းဖြတ်ထားတာကြောင့် အရင်တပတ်ကစပြီး လမ်းတွေပေါ်ထွက် ချီတက် ဆန္ဒပြတာတွေ ပြန်လုပ်ခဲ့ကြပါတယ်။
2 years Ago

December 7, 2019

အီရတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို အမည်မသိ သေနတ်သမားများ ပစ်ခတ်၊ ၁၆ ဦး သေဆုံး

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မှာ ဒီဇင်ဘာလ ၆ ရက်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အမည်မသိ သေနတ်သမားတွေ ပစ်ခတ်လို့ ဆန္ဒပြသူ ၁၆ ယောက် သေဆုံးပြီး ၄၅ ယောက် ဒဏ်ရာရတယ်လို့  ပြည်ထဲရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။    အယ်ခါလန်နီရင်ပြင်ကို သေနတ်သမားတွေက ယာဉ်တန်းနဲ့ ရောက်လာပြီး ဆန္ဒပြသူတွေကို ပစ်ခဲ့တယ်လို့ အမည်မဖော်လိုသူ သတင်းပေးက Efe သတင်းဌာနကို ပြောပါတယ်။  ဆန္ဒပြလူအုပ်ထဲကို ရှီးယိုက်နိုင်ငံရေး ပါတီဝင်တွေနဲ့ ပြည်သူ့စစ်တွေ ထိုးဖောက် ဝင်ရောက်ပြီး လူအများအပြားကို တိုက်ခိုက်ခဲ့တယ်လို့ ဆန္ဒပြသူတွေနဲ့ သတင်းထောက်တွေက ပြောခဲ့ပါတယ်။  အယ်ခါလန်နီ ရင်ပြင်ဘေးက  အထပ်မြင့်ကားပါကင်ကို ဆန္ဒပြသူတွေက သိမ်းပိုက်ထားတာပါ။ နောက်ပြီး အဲဒီရင်ပြင်ဟာ အီရတ်ဝန်ကြီးချုပ် အဘူမာဒီကို နုတ်ထွက်စေခဲ့တဲ့ လှုပ်ရှားမှု ပြုလုပ်ရာ တာဟာရင်ပြင်နဲ့လည်း နီးပါတယ်။  ဒီဇင်ဘာလ ၆ ရက်က တာဟာရင်ပြင်မှာ လူထောင်ချီစုဝေးပြီး ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ဟာ ဝန်ကြီးချုပ် နုတ်ထွက်ရုံသက်သက် မဟုတ်ဘူးလို့ ကြွေးကြော်ကြပါတယ်။   Photo : EFE/EPA/MURTAJA LATEEF
2 years Ago
Up