အီရတ်ပြည်ထဲရေးဌာနက လူသေဆုံးတဲ့ သတင်းကို အတည်ပြုခဲ့ပေမဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် တွေကို ပစ်ခတ်ခွ့င်ပြုမထားဘဲ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အီရတ်နိုင်ငံ တောင်ပိုင်း ဘတ်စ်ရာမြို့မှာ နိုဝင်ဘာ ၆ ရက် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ဆန္ဒပြသူ ၁ ယောက် သေဆုံးပြီး အယောက် လေးဆယ်ထက် မနည်း ဒဏ်ရာရတယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေနဲ့ လူ့အခွင့်အရေး အရာရှိတို့က အတည်ပြု ပြောဆိုပါတယ်။
နိုဝင်ဘာ ၆ ရက်က ဒါဇင်ချီတဲ့ဆန္ဒပြသူတွေဟာ လမ်းပေါ်ထွက် ဆန္ဒပြပြီး အလုပ်အကိုင်တွေနဲ့ အခြေခံဝန်ဆောင်မှုတွေ ရရှိရေး တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။
လက်ရှိ ဝန်ကြီးချုပ် ခါဒီမီဟာ အဲဒီတောင်းဆိုချက်တွေ မဖြည့်ဆည်းပေးနိုင်တာနဲ့ သပိတ်စခန်းတွေ ရှင်းလင်းပစ်တာကြောင့် ဆန္ဒပြသူတွေက ဒေါသဖြစ်ကြတယ်လို့ လူ့အခွင့် အရေးအရာရှိ တစ်ဦးက ပြောပါတယ်။
နိုဝင်ဘာ ၅ ရက်က ဘတ်စ်ဆရာမြို့ကို လာရောက်တဲ့ ဝန်ကြီးချုပ် ခါဒီမီက အကြမ်းမဖက်တဲ့ ဆန္ဒပြသူတွေကို ကာကွယ်ပေးဖို့နဲ့ မနှစ်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အမည်မသိ သေနတ်သမားတွေ လက်ချက်နဲ့ သေဆုံးခဲ့သူတွေအတွက် တရားမျှတမှု ရှိအောင် လုပ်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
2 years Ago