အီရတ်နိုင်ငံသား

February 23, 2020

အလုပ်အကိုင် အခွင့်အလမ်းမရှိသဖြင့် အီရတ်နိုင်ငံသား ထောင်ချီဆန္ဒပြ

အီရတ်နိုင်ငံ ကာဒစ္စတန်ဒေသမြောက်ပိုင်းက ဆူလိုင်မာနီယာမြို့မှာ ထောင်နဲ့ချီတဲ့ လူတွေ ဖေဖော်ဝါရီ ၂၂ရက်က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်း မရှိတဲ့အပေါ် ဆန့်ကျင် ဆန္ဒပြနေတာပါ။ ဒေသတွင်း နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲဖို့ကိုလည်း ဆန္ဒပြသူတွေက ဆော်သြပါတယ်။ အစိုးရ ဆန့်ကျင်ရေးနဲ့ လက်ရှိ အာဏာရပါတီ ဆန့်ကျင်ရေး ကြွေးကြော်သံ တွေကိုလည်း ဟစ်ကြွေးခဲ့ပါတယ်။  ဒေသတွင်း အာဏာရ အဓိကပါတီ ၂ရပ်က (KDP) ပါတီနဲ့ (PUK) ပါတီတို့ ဖြစ်တယ်။ “နိုင်ငံသားအခွင့်အရေးတွေအတွက် ဆန္ဒပြနေတယ်။ရေနံတွေ အများကြီးရောင်းပြီး ပြန်ရငွေတွေကို ဘာအတွက် ဘယ်လိုသုံးနေလဲဆိုတာ မသိရဘူး။ ဒါက အရိုးရှင်းဆုံး အခွင့်အရေး တွေထဲက တရပ်ပဲ ဝန်ဆောင်မှုတွေကို တောင်းဆိုတယ်။ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အားမရဘူး”လို့ ဆန္ဒပြသူ တယောက်က ပြောပါတယ်။  အီရတ်ဗဟိုအစိုးရနဲ့ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒစ္စတန်အစိုးရတို့ဟာ ၂၀၂၀ ပြည်ထောင်စု ရသုံးမှန်းခြေငွေစာရင်းအတွက် သဘောတူညီချက် ရပြီးပြီလို့ အစိုးရသတင်းဌာန က ဒီလအစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။  သဘောတူညီချက်အရ ရေနံထွက်တဲ့ ကာဒစ်ရှ်ဒေသကနေ တရက်ကို ရေနံစိမ်း စည် ၂သိန်းခွဲကို အီရတ် နိုင်ငံတော် ရသုံးမှန်းခြေ ငွေစာရင်းထဲ ပြောင်းပေးဖို့အချက်လည်း ပါတယ်လို့ ကာဒစ္စတန် ဒေသန္တရအစိုးရ ပြောခွင့်ရက ပြောပါတယ်။  ကာဒစ္စတန်ဒေသန္တရအစိုးရဟာ တရက်ကို ရေနံစိမ်းစည် လေးသိန်းကနေ ငါးသိန်းကြား တင်ပို့နေတယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။ 
1 year Ago
Up