အီရတ်ပြည်သူ့စစ်အားလုံး

December 3, 2017

အီရတ်ပြည်သူ့စစ်အားလုံး ဖျက်သိမ်းရန် ပြင်သစ်သမ္မတ ဆော်သြ

ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းက အီရတ်နိုင်ငံအတွင်းက ပြည်သူ့စစ် အားလုံးကို ဖျက်သိမ်းဖို့ ဒီဇင်ဘာ ၂ ရက်က အီရတ်အစိုးရကို ဆော်သြလိုက်ပါတယ်။ အီရတ်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ထားပြီး အီရန်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ (PMF) တပ်အပါအဝင် ပြည်သူ့စစ်အားလုံးကို ဖျက်သိမ်းဖို့ အနောက်နိုင်ငံ ခေါင်းဆောင် တယောက်က ရှားရှားပါးပါး လူသိရှင်ကြား ဆော်သြလိုက်တာပါ။ ကာဒစ်ရှ် ဒေသန္တရ အစိုးရရဲ့ ဝန်ကြီးချုပ် နီရှီယာဗန် ဘာဇာနီ နဲ့ ဒုဝန်ကြီးချုပ် ကူဘတ် တယ်လာဘာနီတို့နဲ့ အစည်းအဝေးအပြီး ခုလို ဆော်သြလိုက်တာပါ။ အမြင်မတူကြတဲ့ အနောက်အင်အားကြီး နိုင်ငံတွေ၊ အီရန်နဲ့ အစ္စလာမ္မစ် နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ တိုက်ပွဲအတွင်း အီရတ် အစိုးရရဲ့ မဟာမိတ် ပြည်သူ့စစ်တွေကြား ခက်ခက်ခဲခဲ ဟန်ချက် ထိန်းညှိရလိမ့်မယ်လို့လည်း မက်ခွန်းက ပြောပါတယ်။ အီရတ် အခြေခံဥပဒေရဲ့ မူဘောင်အောက်မှာ ဗဟိုအစိုးရနဲ့ တစိတ်တပိုင်းကိုယ်ပိုင် လွတ်လပ်ခွင့်ရ ကာဒစ်ရှ် အစိုးရတို့ကြား ဆွေးနွေးညှိနှိုင်းကြဖို့လည်း မက်ခွန်းက ဆော်သြပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲအတွင်း ကာဒစ်ရှ် ဒေသထဲက အီရတ်အစိုးရရဲ့ ကန့်သတ်ချက်တွေကို ပယ်ဖျက်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။ ကာဒစ် ဒေသန္တရ အစိုးရဟာ သွေးစည်းညီညွတ်တဲ့ အီရတ်နိုင်ငံ ဖြစ်ရေး တည်ဆောက်ဖို့ အသင့်ပဲလို့လည်း ဘာဇာနီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
3 years Ago
Up