အီရတ်နယ်စပ်အနီးတွင် တူရကီစစ်တပ် တင့်ကားများ စစ်ရေးလေ့ကျင့်

September 19, 2017

အီရတ်နယ်စပ်အနီးတွင် တူရကီစစ်တပ် တင့်ကားများ စစ်ရေးလေ့ကျင့်

တူရကီစစ်တပ် တင့်ကားတွေဟာ တူရကီ-အီရတ်နယ်စပ်နားမှာ စက်တင်ဘာ ၁၈ ရက်နေ့က စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ တူရကီစစ်တပ်က ပြောပါတယ်။ ကာဒစ်ရှ် လွတ်လပ်ရေးအတွက် ကာဒစ်ရှ်လူမျိုးတွေနေတဲ့ နယ်ပယ်တလွှား လူထုဆန္ဒခံယူပွဲ မလုပ်ခင် တပတ်အလိုမှာ ခုလို စစ်ရေးလေ့ကျင့်တာပါ။ လူထုဆန္ဒခံယူပွဲကို အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုအဖြစ် တူရကီအစိုးရက ခေါ်ဝေါ်ကြေညာပါတယ်။ အီရတ်နိုင်ငံမြောက်ပိုင်း ကာဒစ်ရှ်တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လူထုဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး အီရတ်ဗဟိုအစိုးရနဲ့ အိမ်နီးချင်း အီရန်နိုင်ငံတွေမှာ သတိပေးချက်တွေ၊ ဆန္ဒပြပွဲတွေ ပေါ်ထွက်ခဲ့ပါတယ်။ အဲဒီအချိန်နဲ့ တပြေးညီ တူရကီ ဗဟိုအစိုးရက ခုလို စစ်ရေးလေ့ကျင့်ခဲ့တာပါ။ တူရကီပိုင်နက်ကို ပြည်တွင်းပြည်ပက ဘယ်လိုခြိမ်းခြောက်မှုမဆို ချက်ချင်း လက်စားချေတာ ရင်ဆိုင်ရလိမ့်မယ်လို့ တူရကီဝန်ကြီးချုပ် ဘီနာလီ ယေဒစ်လ်ရင်မ်က ပြောပါတယ်။ ဒါ့အပြင် ဆီးရီးယားနယ်စပ်ကို တင့်ကားတွေ အပါအဝင် စစ်သုံးယာဉ် အစီး ၈၀ စေလွှတ်ခဲ့တယ်လို့ တူရကီအစိုးရမီဒီယာ အနာဒိုလူက စက်တင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။ ဒီစေလွှတ်မှုဟာ နယ်စပ်တလျှောက် တပ်အင်အားဖြည့်တင်းဖို့လို့ စစ်ဘက် သတင်းရင်းမြစ်ကို ကိုးကားပြီး အနာဒိုလူက အစီရင်ခံပါတယ်။
4 years Ago
Up